ဂန့်ဂေါမြို့နယ်မှာ အကြောင်းအမျိုးမျိုးနဲ့ အဖမ်းခံရသူတွေကို ပုဒ်မတွေတပ်ပြီး ထောင်ချလိုက်ပေမဲ့ ထောင်တွေဆီကိုမပို့ဘဲ ဂန့်ဂေါ မြို့မရဲစခန်း အချုပ်ထဲမှာပဲထားပြီး ရေဖိုး၊ မီးဖိုး၊ မိလ္လာဖိုး စတာတွေကို သိန်းချီကောက်ခံနေတယ်လို့ သိရပါတယ်။
မကြာသေးခင်က လွတ်မြောက်လာသူ သာမန်အမှု အကျဉ်းသားတယောက်က “စည်ပင်ကလာတဲ့ ချိုးရေကအစ တလကို ၂ သိန်းခွဲ ပေးရတယ်။ မိလ္လာခက တလကို ၂ ကြိမ်လောက် လာစုပ်တယ်။ အဲဒါလည်း အကျဉ်းသားတွေ ဝိုင်းစုထည့်ရတယ်။ သောက်ရေလည်း ကိုယ့်ဟာကိုယ် ဝယ်သောက်ရတယ်။ ထမင်းကတော့ ပုံစံနဲ့ ကျွေးပါတယ်။ အဲဒီထမင်းကလည်း အများစုက ဘုန်းကြီးကျောင်းတွေကရတဲ့ ဆွမ်းအကျန်တွေကို ကျွေးတာက များပါတယ်။ ထောင်ဝင်စာ တွေ့ရင်လည်း တခါတွေ့ကို တသိန်းကနေ တသိန်းခွဲအထိ ပေးရတာ။ အရေးပေါ်ဆေးခန်းတွေ ဘာတွေ ပြချင်ရင် တသိန်း ပေးရတယ်။ ဆေးရုံကြီးပြဖို့ ဆိုရင်တော့ Grand အရက်တဖာ ဝယ်ပေးရင် ထုတ်ပေးတယ်။ တကယ်တော့ ကိုယ့်စရိတ်နဲ့ကိုယ် လာပြီး အချုပ်ခန်းထဲမှာ နေပေးနေရတာ” လို့ ပြောပါတယ်။
လွတ်မြောက်လာသူ နောက်တယောက်ကလည်း သူ့ကို ၂၀၂၁ ခုနှစ်မှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီး ထောင်ဝတ်စုံနဲ့ ဓာတ်ပုံရိုက်ခဲ့ပေမဲ့ အချုပ်ထဲမှာပဲ ဆက်ထားခဲ့တယ်လို့ ပြောပါတယ်။
“အမိန့်ချတုန်းကလည်း ထောင်ဝတ်စုံတွေ ယူလာပြီးဝတ်ခိုင်းပြီး ဓာတ်ပုံတွေ လာရိုက်တယ်။ ပြီးတော့ ပြန်ယူသွားတယ်။ ထောင်ထဲတော့မပို့ဘဲ ထောင်ဝတ်စုံတော့ ဝတ်လိုက်ရသေးတယ်။ ကျနော် လွတ်တော့တောင် အချုပ်ထဲမှာ အမိန့်ချပြီးသား ၄၀ ကျော်လောက် ရှိတယ်။ သေဒဏ်တွေ၊ တသက်တကျွန်းတွေတောင် ရှိတယ်။ ထောင်ထဲမှာမှ ထောင်ဝင်းထဲမှာ လွတ်လွတ်လပ်လပ် အချိန်နဲ့ အပြင်ထွက်လို့ရသေးတာ။ ဒီမှာက အချုပ်ခန်းထဲမှာပဲ နေနေရတာ တချို့လူတွေ ချိကုန်တယ်။ ဆေးရုံတက်ဖို့ကလည်း ငွေသုံးနိုင်မှ ဆေးရုံကို ပို့တာ။ ပိုဆိုးတာက ကျနော်တို့ကိုထားတဲ့ အချုပ်ခန်းကိုတောင် ကျနော်တို့က သော့ဝယ်ပေးနေရတာ။ မီတာခက သူတို့ရဲစခန်းတခန်းလုံး သုံးတဲ့ဟာကို ကျနော်တို့က ဝိုင်းစုပေးနေရတာ တလကို ၈ သောင်းကနေ ၂ သိန်းအထိ ပေးနေရတာ” လို့ ပြောပါတယ်၊၊
အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဂန့်ဂေါမြို့မရဲစခန်း စခန်းမှူးကို ဒီဗွီဘီက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။
လက်ရှိ ဂန့်ဂေါမြို့မရဲစခန်း အချုပ်မှာ တသက်တကျွန်းချထားသူ ၄ ယောက်၊ သေဒဏ်ချထားသူ ၂ ယောက် အပါအဝင် ထောင်ကျ စုစုပေါင်း ၇၁ ယောက်ရှိပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ၅၁ ယောက် ပါ ပါတယ်၊
အမည်မဖော်လိုသူ ရဲဝန်ထမ်းတယောက်ကလည်း အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ဖမ်းထားသူ တချို့ဆိုရင် သူတို့ကို အရပ်ဘက်တရားရုံးမှာ အမှုစစ်လို့ မရတာကြောင့် အမှုရင်မဆိုင်ရဘဲ အချုပ်ခန်းထဲမှာ ၃ နှစ်လောက် ဒီအတိုင်းနေရတဲ့သူတွေလည်း ရှိတယ် လို့ ပြောပါတယ်၊၊
အာဏာမသိမ်းခင်ကတော့ ဂန့်ဂေါရဲစခန်းကနေ တရားရုံးထုတ်ပြီး ထောင်ချခံရတဲ့သူတွေကို အမိန့်ချပြီးတာနဲ့ ကလေးထောင်ကို ပို့တာဖြစ်ပေမဲ့ အခုက လမ်းခရီးအခြေအနေနဲ့ လုံခြုံရေးမပေးနိုင်တာ၊ လမ်းစရိတ် ကားစရိတ်တွေ မပေးနိုင်တာကြောင့် အခုလို အချုပ်ထဲမှာပဲ လွတ်တဲ့အထိ ထားနေရတာလို့လည်း သူက ဆက်ပြောပါတယ်။