Home
နိုင်ငံတကာ
ဂါဇာ အပစ်ရပ်အစီအစဉ်သစ်ကို လက်ခံရန် ဟားမတ်စ်ကို သမ္မတဘိုင်ဒင် တောင်းဆို
DVB
·
June 2, 2024
Photo - Reuters

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဂါဇာ အပစ်အခတ်ရပ်စဲရေးအတွက် ဓားစာခံတွေကို လွှတ်ပေးဖို့ အစ္စရေးဆီက ကမ်းလှမ်းချက်အသစ်ကို သဘောတူဖို့ ဟားမတ်စ် စစ်သွေးကြွတွေကို မေလ ၃၁ ရက်မှာ တောင်းဆိုလိုက်ပြီး ဒါဟာ လူသေစေတဲ့ ပဋိပက္ခကို အဆုံးသတ်စေဖို့ အစပြုတဲ့ အကောင်းဆုံးနည်းလမ်းလို့လည်း ပြောကြားလိုက်ပါတယ်။

ဒါက အစ္စရေးနဲ့ ပါလက်စတိုင်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကိုပေးစွမ်းမယ့် နိုင်ငံရေး ပြေလည်မှုတခုအတွက် ပြင်ဆင်ရမယ့် အခြေအနေတခုပဲလို့လည်း ဘိုင်ဒင်က ပြောပါတယ်။

သူ့ရဲ့အမေရိကန်အဖွဲ့တွေ၊ အစ္စရေး၊ ကာတာ၊ အီဂျစ်နဲ့ တခြားအရှေ့အလယ်ပိုင်းနိုင်ငံတွေမှ ခေါင်းဆောင်တွေနဲ့ အကြိတ်အနယ် သံခင်းတမန်ခင်း ဆွေးနွေးပြီးနောက်မှာ အစ္စရေးက ကျယ်ပြန့်တဲ့ အဆိုပြုချက်အသစ်ကို အခု ကမ်းလှမ်းလာတာဖြစ်ပြီး ဒါကလည်း ခိုင်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံအားလုံး ပြန်လွတ်ရေးအတွက် လမ်းပြမြေပုံ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအဆိုပြုချက်ကိုလည်း ကာတာမှ ဟားမတ်စ်ကို ပေးပို့ထားတယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ဟာ ဒီကနေ့မှာ အမေရိကန် နိုင်ငံသားတွေအတွက်ရော ကမ္ဘာအတွက်ပါ စည်းကမ်းချက်တွေကို ထုတ်ပြန်လိုက်ပြီး အဆင့် ၃ ဆင့်ရှိတဲ့ အဆိုပြုချက်အသစ်ရဲ့ ပထမအဆင့်ဟာ သီတင်း ၆ ပတ် ကြာမြင့်မယ်လို့ ပြောပါတယ်။

အပြည့်အ၀ အပစ်အခတ်ရပ်စဲရေးထဲမှာ ဂါဇာကမ်းမြောင်ဒေသအားလုံးမှ အစ္စရေးတပ်ဖွဲ့များ ဆုတ်ခွာရေး၊ ရာနဲ့ချီတဲ့ ပါလက်စတိုင်း အကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ့် အလဲအလှယ်အတွက် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဒဏ်ရာရရှိသူတွေ အပါအဝင် ဓားစာခံတွေကို လွှတ်ပေးရေးတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီအဆင့်မှာလည်း ပြန်လွှတ်ပေးရမယ့် အမေရိကန် ဓားစာခံတွေ ရှိနေပြီး သူတို့ကို အိမ်ပြန်ရောက်စေချင်ကြောင်းနဲ့ ဒါ့အပြင် အသတ်ခံခဲ့ရတဲ့ ဓားစာခံတချို့ရဲ့ အလောင်းအကြွင်းအကျန်တွေကို သူတို့ရဲ့ မိသားစုတွေဆီ ပြန်ပို့ပေးလိုက်ရင် အတိုင်းအတာတခုအထိ ပိတ်သိမ်းသွားနိုင်တယ်လို့ အမေရိကန်သမ္မတ ဘိုင်ဒင်က ပြောပါတယ်။

ဒီအချိန်မှာတော့ ဟားမတ်စ်ဟာ နောက်ထပ် အောက်တိုဘာလ ၇ ရက် ဖြစ်ရပ်မျိုးကို ထပ်ကျူးလွန်နိုင်စွမ်း မရှိတော့ပါဘူးလို့လည်း ဆိုပါတယ်။

အစ္စရေးဘက်မှာ ဒီအစီအစဉ်ကို သဘောမတူဘဲ စစ်တိုက်ဖို့ကို အကန့်အသတ်မရှိ ဆက်လုပ်ဖို့ တောင်းဆိုမယ့်သူတွေ ရှိနေပြီး အစိုးရညွန့်ပေါင်းအဖွဲ့ထဲမှာတောင် ရှိနေတယ် ဆိုတာလည်း သိရှိထားကြောင်းနဲ့ သူတို့အတွက်ကတော့ ဓားစာခံတွေက ဦးစားပေးမဟုတ်ဘဲ သူတို့က နှစ်နဲ့ချီ စစ်တိုက်ပြီးတော့ ဂါဇာကို သိမ်းပိုက်လိုတယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားကြောင်း၊ ဘာပဲဖြစ်ဖြစ် ဖိအားတွေရှိနေပေမယ့် ဒီသဘောတူညီချက်ရဲ့နောက်မှာ ရပ်တည်ပေးဖို့ အစ္စရေးက ခေါင်းဆောင်တွေကို တိုက်တွန်းထားကြောင်း ဘိုင်ဒန်က ပြောသွားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013