Home
နိုင်ငံတကာ
ဘန်ကောက်တွင် လိင်တူချစ်သူအရေး လှုပ်ရှားသူများ သက်တံရောင်အလံ လွှင့်ထူချီတက် 
DVB
·
June 2, 2024
REUTERS/Chalinee Thirasupa

ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခြင်းကို အသိအမှတ်ပြုချိန် နီးကပ်လာတာနဲ့အမျှ Pride Month ရဲ့ အစပိုင်း ဇွန်လ ၁ ရက် စနေနေ့က မြို့တော်ဘန်ကောက်ရဲ့ လမ်းမတွေပေါ်မှာ လိင်တူချစ်သူတွေ၊ လိင်ပြောင်းထားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ သက်တံရောင်အလံတွေကို လွှင့်ထူချီတက်ခဲ့ပါတယ်။

အထက်လွှတ်တော်မှာ လိင်တူလက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဇွန်လ ၁၈ ရက်မှာ အပြီးသတ်ဖတ်ရှုကြားနာဖို့ စီစဉ်ထားတာပါ။

ဒီဥပဒေကြမ်းကို အတည်ပြုလိုက်ရင် ဥပဒေအဖြစ် တော်ဝင်ပြန်တမ်းမှာ ထုတ်ပြန်ပြီး ရက်ပေါင်း ၁၂၀ အတွင်း အသက်ဝင်မှာဖြစ်ပါတယ်။

မိန်းမသားချင်းချင်း စုံတွဲမှ ဗိုရာဝမ်န်ရမ်ဝမ်န်က “ဒီနှစ်ရဲ့ Pride Parade ဟာ လိင်တူချင်း လက်ထပ်ခြင်းဥပဒေကို အတည်ပြုတော့မယ့်အချိန်နဲ့ တိုက်ဆိုင်နေတဲ့အတွက် အကြီးမားဆုံးပွဲတော်တခုလို့ ယူဆနိုင်ပြီးတော့ ဒီဥပဒေက မတူကွဲပြားတဲ့ လိင်မှုဆိုင်ရာ ခေါင်းစဉ်တွေနဲ့ ဥပဒေတွေ၊ လိင်လုပ်သားဥပဒေတွေလိုမျိုး တခြားဥပဒေတွေလည်း ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီလမှာ လိင်တူလက်ထပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် နောက်ဆုံး မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အောင်မြင်မယ်လို့ ယုံကြည်ပါတယ်လို့ လိင်ပြောင်းအမျိုးသမီးနဲ့ ပါ၀င်သူချိုတီကာ ယိုသင်းထရကူက ပြောပါတယ်။ ဒါဟာ စုံတွဲတွေကို ဥပဒေဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပိုမိုရရှိစေပါတယ် လို့လည်း ဆိုပါတယ်။

လိင်အလုပ်သမနဲ့ လိင်ပြောင်းထားသူ အွန်ချနာပွန် ပီလဆုတက “Pride ပွဲအခမ်းအနားတွေက အဓိပ္ပာယ်ရှိပြီး ထိုင်းနိုင်ငံကိုလည်း LGBT အသိုက်အဝန်းအတွက် နိဗ္ဗာန်ဘုံတခုလို ကမ္ဘာတဝန်းက လူသိများပါတယ်။ ဒါကြောင့် LGBT အသိုက်အဝန်းကို ပံ့ပိုးကူညီဖို့ ဥပဒေတွေကို မြှင့်တင်ပေးရပါမယ်”လို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အာရှမှာ လိင်တူလက်ထပ်ခြင်းကို တရားဝင်ခွင့်ပြုမယ့် တတိယမြောက်နိုင်ငံ ဖြစ်လာတော့မယ့်အပြင် ဥပဒေကြမ်းကို နောက်ဆုံးဖတ်ကြားမှုတွေမှာလည်း တိုးတက်မှုတွေ ရှိနေတာကြောင့် အိမ်ထောင်ရေး တန်းတူညီမျှမှုအတွက် သိသာထင်ရှားတဲ့ ခြေလှမ်းသစ်တရပ်ကို ဖော်ဆောင်နေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013