စစ်ရေး တင်းမာမှုတွေ၊ သတင်းမှားတွေနဲ့ ဒေသတွင်း အရေးပေါ်အခြေအနေတွေ တိုးလာတာကို ကိုးကားထောက်ပြရင်း အာရှပစိဖိတ်ဒေသအတွင်း လုံခြုံရေးအခြေအနေက ယုံကြည်စိတ်ချထားလို့ မရဘူးလို့ ဇွန် ၁ ရက်က အာရှထိပ်သီး လုံခြုံရေးညီလာခံ ဖြစ်တဲ့ ရှန်ဂရီလာ ဒိုင်ယာလော့ခ်မှာ ဂျပန် ကာကွယ်ရေးဝန်ကြီး ခိဟာ့ရ မိနိုးရုက ပြောလိုက်ပါတယ်။
“အပြည်ပြည်ဆိုင်ရာ ထုံးတမ်းလိုက်နာမှု အုတ်မြစ်တွေကို လှုပ်ခါယိမ်းယိုင်အောင် လုပ်မယ့် ဖြစ်နိုင်ခြေတွေကို လျစ်လျူရှုမထားနိုင်ဘူး။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်ရေးတည်ဆောက်မှု၊ အရေးပါတဲ့ အခြေခံအဆောက်အဦတွေအပေါ် ဆိုင်ဘာတိုက်ခိုက်မှုနဲ့ သတင်းမှားတွေ မလိုမုန်းထားစိတ်နဲ့ ဖန်တီးထားတဲ့ ဇာတ်လမ်းတွေ ဖောချင်းသောချင်း ပေါများနေတာတွေ ဖြစ်နေတယ်။ ငြိမ်းချမ်းတဲ့ အခြေအနေနဲ့ အရေးပေါ် အခြေအနေတွေကြားက ကွဲပြားချက်က ဝေဝါးလာနေတယ်”လို့ သူက ဆက်ပြောပါတယ်။
မိနိုးရုဟာ တရုတ် ကာကွယ်ရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ပြီး ဂျပန်ပတ်လည်က ပင်လယ်နဲ့ လေပိုင်နက်တွေထဲမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှု တိုးလာတာအပေါ် လုံခြုံရေးအရ စိုးရိမ်တယ်လို့ ပြောပါတယ်။
အင်ဒို-ပစိဖိတ် ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းတာဟာ နိုင်ငံတကာ လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ မျှဝေထားတဲ့ အကျိုးစီးပွား ဖြစ်ပြီး ဂျပန်က ဒီပန်းတိုင်ကို ဆောင်ကြဉ်းဖို့ အားထုတ်ရာမှာ ဦးဆောင်ချင်တယ်လို့လည်း မိနိုးရုက ပြောပါတယ်။
Source - Reuters