နာယကကြီး သူရဦးတင်ဦး ကွယ်လွန်တာနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့က အထူးဝမ်းနည်းကြေကွဲရကြောင်း ဇွန်လ ၁ ရက်မှာ အသီးသီး ထုတ်ပြန်ကြေညာပါတယ်။
NLD ပါတီစတင်ထူထောင်ရာမှာ ပါဝင်ခဲ့တဲ့ သဘာပတိအဖွဲ့ရဲ့ နာယကကြီး သူရဦးတင်ဦး အသက်(၉၈)နှစ်ဟာ ဇွန် ၁ ရက် မနက် ၈ နာရီ ၄၆ မိနစ်က ရန်ကုန်ဆေးရုံကြီးမှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ရှိသွားတာဖြစ်ပါတယ်။
ဦးတင်ဦးကွယ်လွန်သွားတာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုတရပ်ဖြစ်တဲ့ အပြင် ဒီမိုကရေစီ အင်အားစုတွေနဲ့ ပြည်သူလူထု တရပ်လုံးကလည်း စိတ်နှလုံးထိခိုက်ဝမ်းနည်းကြေကွဲနေကြမယ်လို့ ယုံကြည်ကြောင်း NLD ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခက်ခဲကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးကြမ်းတလျှောက်မှာ မားမားမတ်မတ်ရပ်တည် ဦးစီးဦးဆောင်ပြုကာ ပါတီတွင်းညီညွတ်ရေး၊ ပါတီပြင်ပ ညီညွတ်ရေးနဲ့ ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်အောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်တဦးဖြစ်တယ်လို့ ဆိုပါတယ်။
ဦးတင်ဦးဟာမြန်မာပြည်အနှံ့ အဖွဲ့ချုပ်အောင်နိုင်ရေးခရီးစဉ်တွေမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စည်းရုံးရေးခရီးတွေ လိုက်ပါဆောင်ရွက်ခဲ့ပြီး အညာစုအရေးအခင်းနဲ့ ဒီပဲယင်းအရေးအခင်းတွေမှာ သေကံမရောက်သက်မပျောက်ပဲ ဒီမိုကရေစီရေးအတွက် ဆက်လက်ရှင်သန်လာနိုင်ခဲ့သူဖြစ်တယ်၊ ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဖြစ်ပေမဲ့ ပြည်သူလူထုနဲ့ ပါတီ အပေါ် မောက်မာရိုင်းစိုင်းစော်ကားခြင်းအလျဉ်းမရှိပဲ ရိုးသားတည်ကြည်စွာ ရပ်တည်ခဲ့လို့ “ပြည်သူ ချစ်သော ဗိုလ်ချုပ်ကြီး”ဖြစ်တယ်လို့ ဆိုပါတယ်။
လေးစားအားကျအတုယူဖွယ် ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံလှတဲ့ ဦးတင်ဦး ကွယ်လွန်သွားပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နာယကကြီးရဲ့ မျှော်မှန်းချက်တွေ ရည်ရွယ်ချက်တွေကို မမှိတ်မသုန် ဆက်လက်အကောင်အထည်ဖော်သွားမယ်၊ တိုင်းပြည်နဲ့ လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမှု အဖွဲ့ချုပ်အပေါ်သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်မှု တို့ဟာ အားလုံးအတုယူစရာ၊ မော်ကွန်းတင်စရာတွေအဖြစ် ကမ္ဘာတည်သရွေ့ တည်ရှိနေမယ်လို့ NLD က ကြေညာပါတယ်။
ဦးတင်ဦးဟာ တပ်မတော်သားဘဝ အမြင့်ဆုံးသော လုပ်ပိုင်ခွင့်အာဏာရာထူးကို ရယူထားတဲ့ အချိန်တွေမှာ ဒီရာထူးအာဏာဖြင့် ပြည်သူအပေါ် အနိုင်အထက် ပြုကျင့်မှုမရှိဘဲ ပြည်သူ့တပ်မတော်သားကောင်းတဦးဖြစ် ရပ်တည်ခဲ့တာ၊ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကြိုးပမ်းမှု တလျှောက်လုံးမှာ ပြည်သူနဲ့အတူ ပြတ်ပြတ်သားသား ရပ်တည် ဆောင်ရွက်ခဲ့တာတွေကြောင့် ပြည်သူလူထု၏ လေးစားချစ်ခင်မှုကို ရရှိခဲ့သူဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း ထုတ်ပြန်ပါတယ်။
နာယကသူရဦးတင်ဦး ကွယ်လွန်တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရက များစွာ ဝမ်းနည်းကြေကွဲရပါကြောင်းနဲ့ ဦးတင်ဦးရဲ့ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းအားထုတ်မှုတွေကို လေးစားဂုဏ်ယူ အသိအမှတ်ပြုကာ လက်ရှိ ပြည်သူ့နွေဦးတော်လှန်ရေးကိုလည်း အမြန်ဆုံး အောင်မြင်ပြီးမြောက်သည်အထိ အစွမ်းကုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို NUGက ကတိပြုလိုက်ပါတယ်။
NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ “ဘဘကတော့ NLD စတည်ထောင်တဲ့အချိန်ကကစပြီး တောက်လျှောက်ပါခဲ့တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဆိုတာလည်း ကြုံရတဲ့လောကဓံတွေက အကောင်းထက် အဆိုးပိုများတယ်လေ၊ အဲဒီ နိုင်ငံရေး လောကဓံ အရပ်ရပ်မှာလည်း တောက်လျှောက် ပြည်သူနဲ့အတူရှိနေပြီးတော့ ဒီမိုကရေစီရေးတိုက်ပွဲမှာ တစိုက်မတ်မတ် ဦးဆောင် ဆောင်ရွက်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်တာပေါ့နော်။ ကျနော်တို့လည်း အင်မတန်မှ လေးစားရတယ်။ အထူးသဖြင့်သူက စစ်သားပဲ။ ဒီလို စစ်သားကြီးတွေလည်း ရှိပါသေးလားဆိုတဲ့ စိတ်မျိုးကျနော်တို့ကို ခံစားစေရတဲ့ စစ်သား။ ကျနော်တို့လည်း ဘဘနဲ့ စကားပြောရတဲ့ အခါတိုင်းမှာ ဘဘက စစ်သားကောင်းတယောက်ဟာ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ်၊ သူတို့လည်း ဘယ်လို ပုံစံနေခဲ့ထိုင်ခဲ့တယ်ဆိုတဲ့ဟာမျိုးတွေ အမြဲတမ်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြန်ပြောပြတာတွေ ကျနော်တို့ ကြားရတယ်။ လက်ရှိ တိုင်းပြည်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ စစ်ခေါင်းဆောင်တွေနဲ့ မတူတဲ့ စစ်သားကောင်းကြီး တယောက်အနေနဲ့ ဘဘက အဲလိုလည်း သိမှတ်ခဲ့ရတာပေါ့နော်”လို့ DVB ကို ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း “သစ္စာရှိ တပ်မှူးကောင်းကြီး နိုင်ငံရေးမှာလည်း ပြည်သူအပေါ်မှာ၊ ပါတီအပေါ်မှာ၊ ခေါင်းဆောင်အပေါ်မှာပါ တာဝန်ကျေ သစ္စာရှိလွန်းတဲ့ အဘ ဦးတင်ဦး - မြင့်မြတ်ရာဘုံဘဝမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”လို့ ရေးသားထားပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကလည်း သူရဦးတင်ဦးဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာမှာ အထူးအားကိုးအား ထားပြုရသော ပုဂ္ဂိုလ်တဦးဖြစ်တယ် လူသေပေမဲ့ နာမည်မသေတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် မြန်မာ့သမိုင်း ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ ကြေညာပါတယ်။
သူရဦးတင်ဦးကွယ်လွန်တာဟာ မိမိတို့ အတွက်အားကိုးအားထားပြုတဲ့ ပုဂ္ဂိုလ်တဦး ဆုံးရှုံးလိုက်ရလို့ လွန်စွာဝမ်းနည်းရပြီးမိမိတို့ နှလုံးသားထဲမှာ အစဉ်အမြဲ လေးစားတန်ဖိုးထား အမှတ်ရကာ ဂုဏ်ပြုမှတ်တမ်းတင် ထားမှာဖြစ်တယ် သူရဦးတင်ဦး ကောင်းရာဘုံဘဝမှာ အေးချမ်းစွာအနားယူနိုင်ပါစေကြောင်း ဆန္ဒပြုရင်း မပြီးဆုံးသေးသော ဒီမိုကရေစီခရီးလမ်းကို မိမိတို့က ဆက်လက်အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ ကတိပြုတယ်လို့ CRPH က ဝမ်းနည်းကြောင်းသဝဏ်လွှာအား ထုတ်ပြန်ထားပါတယ်။
ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)ကတော့ “ဘဘဦးတင်ဦးက ပြည်သူလူထု တရပ်လုံးနဲ့အတူ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီစနစ် အားကောင်း ခိုင်မာရေးအတွက် တာဝန်ကျေပွန်စွာ ဦးဆောင်ဦးရွက်ပြုခဲ့ သူတဦး ဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြီးအပေါ် သစ္စာရှိရှိ ခေါင်းဆောင်မှုပေးခဲ့သူ တဦးဖြစ်လို့ ဘဘဦးတင်ဦးကွယ်လွန်ခဲ့တာဟာ အဖွဲ့ချုပ်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်တယ်”လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် သတင်းဌာနတွေ အသီးသီးကလည်း ဦးတင်ဦး ကွယ်လွန်တဲ့ သတင်းနဲ့ ပတ်သက်ပြီးတော့ မြန်မာ့နိုင်ငံရေးမှာ သူ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ အကြောင်းအရာ တွေကို အကျယ်တဝင့် ဖော်ပြရေးသားနေကြပါတယ်။
ဒါ့အပြင် နိုင်ငံရေးအသိုင်းအဝိုင်းကသာမက မြန်မာပြည်သူလူထုတွေကလည်း ဝမ်းနည်း စိတ်မကောင်းဖြစ်ရကြောင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေးသားမျှဝေနေကြပါတယ်။
ဦးတင်ဦးရဲ့ ရုပ်ကလာပ်ကို အမှတ် (၃၀) ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်မှာ ထားရှိပြီး ဇွန်လ ၅ ရက် ဗုဒ္ဓဟူးနေ့မှာ ဈာပနကျင်းပ ဂူသွင်း သင်္ဂြိုဟ်မယ်ဖို့ ရှိနေပါတယ်။