မန္တလေး ၊ မဟာအောင်မြေမြိုနယ်မှာရှိတဲ့ ရွှေဆိုင်တဆိုင်ဟာ မေ ၃၁ ရက် မနေ့ညနေပိုင်းက ဓားပြတိုက်ခံရပြီး ရွှေ ၄ ပိဿာလောက် လုယူခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
၈၄ လမ်း၊ ၃၈ လမ်းနဲ့ ၃၉ လမ်းကြား၊ မန်းမြို့စျေးမှာဖွင့်လှစ်ထားတဲ့ ဆယ်သန်း ရွှေဆိုင် ဓားပြတိုက်ခံရတာဖြစ်ပြီး ၅ လအတွင်း ၂ ကြိမ်တိုက်ခံရတာလည်း ဖြစ်ပါတယ်။
မနေ့က ညနေ ၃နာရီခွဲအချိန်မှာ အမျိုးသား ၆ ယောက်ဟာ ယာဉ်အမှတ် YGN 14 3M/6384 အဖြူရောင် ရွှေငါး Mark 2 နဲ့ရောက်ရှိလာပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက် ဓားပြတိုက်ယူသွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။
“သူတို့အဖွဲ့တွေ ဆိုင်ထဲကို သေနတ်ဖောက်ပြီးဝင်လာတာ။ ဆိုင်မှန်ပုံးထဲက ရွှေထည်တွေကို လုယူသွားတယ်။ အားလုံး ၄ ပိဿာလောက်ပါသွားတာ။ သေနတ်ဖောက်ပြီး ဝင်လာလို့ ဘယ်သူမှလည်း မကပ်ရဲကြဘူး။ သူတို့ထွက်သွားမှ စျေးသူ ဈေးသားတွေက တုတ်တွေ ခဲတွေနဲ့ လိုက်ပြီးပစ်ကြတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ဆယ်သန်းရွှေဆိုင် ဓားပြတိုက်ခံရလို့ ရွှေ ၂ ပိဿာနဲ့ ငွေကျပ်သိန်း ၂၀၀ လုယူပါသွားခဲ့သေးပြီး တရားခံဖမ်းဆီးမိတာ မရှိသေးတဲ့အပေါ် မြို့ခံတွေအကြား ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။