ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀၂၄ ခုနှစ် မေ ၁၃ ရက်အထိ စစ်တပ်က ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂၆၈ ယောက် သေဆုံးပြီး ၆၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ ULA/AA ရဲ့ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က မေ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
သေဆုံးခဲ့တဲ့သူတွေထဲမှာ အမျိုးသမီး ၂၈ ရာခိုင်နှုန်း အမျိုးသား ၂၈ ရာခိုင်နှုန်းရှိပြီး ဒဏ်ရာရရှိတဲ့ အထဲမှာတော့ အမျိုးသမီး ၄၃ ရာခိုင်နှုန်းနဲ့ အမျိုသား ၅၇ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးခဲ့တဲ့သူအများစုကတော့ ရခိုင်လူမျိုး ၁၈၂ ယောက်၊ မွတ်စလင် ၇၈ ယောက်၊ မြို ၃ ယောက်၊ ခူမီး ၂ ယောက်၊ မရမာကြီး ၁ ယောက်ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ အထဲမှာတော့ ရခိုင် ၅၀၉ ယောက်၊ မွတ်စလင် ၁၁၂ ယောက်၊ မရမာကြီး ၈ယောက်၊ ခူမီး ၆ ယောက်၊ ချင်း ၅ ယောက်နဲ့ မြို ၂ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။
မောင်တောမြို့နယ်၊ ခရေမြိုင်ရွာရဲ့ အနောက်ဘက် နယ်ခြားစောင့်စခန်းနားမှာလည်း မေ ၂၇ ရက် မနက် ၉ နာရီလောက်က ချောင်းထဲမှာ ငါးရှာနေတဲ့ ပြည်သူ ၂ ယောက်ကို စစ်ကောင်စီရဲ့ လက်ပါးစေ လက်နက်ကိုင်အဖွဲ့ဝင် ၇ ယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တယောက်သေဆုံးခဲ့တယ်လို့ မောင်တောမြို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။
သေဆုံးခဲ့တဲ့သူက ခရေမြိုင်ကျေးရွာက အသက် ၄၉ နှစ်အရွယ် ဦးမောင်သာထွန်း ဖြစ်ပြီး အစ်ကိုဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဦးလှရွှေကတော့ ခရေမြိုင်ရွာဘက်ကို ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မနက် ၁၁ နာရီလောက်မှာ ရွာသားတွေကိုခေါ်ယူပြီး ညီဖြစ်သူရဲ့ အလောင်းကို သွားရောက်သယ်ယူခဲ့ရာ သေနတ်ဒဏ်ရာ ၂ ချက်နဲ့ သေဆုံနေတာကို တွေ့ရှိခဲ့ကြတယ်လို့ ပြောပါတယ်။
မောင်တောမြို့နယ်မှာ မေ ၂၁ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ အမျိုးသမီးတယောက် သေဆုံးကာ ပြည်သူ ၁၁ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော် အေအေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ် ပြီးတဲ့နောက်မှာ စစ်ကောက်စီဘက်က အရပ်သားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူတွေ များစွာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကျောက်တော်မြို့ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မွှေနှောက်ကာ အဖိုးတန် ပစ္စည်းတွေကို ခိုးယူပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။