Home
နိုင်ငံတကာ
ဘုရင်စနစ်ကို စော်ကားမှုဖြင့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားစွဲမည်
DVB
·
May 29, 2024
thai world 2952024

ထိုင်းရှေ့နေချုပ်က ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ဘုရင်စနစ်ကို စော်ကားမှုနဲ့ တရားစွဲမယ်လို့  ရှေ့နေချုပ်ရုံးက မေ ၂၉ ရက်မှာ တရားဝင် ပြောလိုက်ပါတယ်။

သက်ဆင်ဟာ ဇွန် ၁၈ ရက်မှာ တရားရုံးရှေ့မှောက် ရောက်လာဖို့ လိုတယ်လို့ ရှေ့နေချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပရာယွတ် ဘီဂျာဂူနာက ပြောပါတယ်။

သက်ဆင်ကို သစ္စာခံတဲ့သူတွေ လက်ရှိအစိုးရအဖွဲ့ထဲမှာ ရှိနေချိန်မှာ နိုင်ငံရေးဟဲဗီးဝိတ်တန်းက လူတဦးဖြစ်တဲ့ သက်ဆင်အတွက် စိတ်ပျက်စရာကိစ္စလို့ မီဒီယာတွေက သုံးသပ်ပါတယ်။

ညီမဖြစ်သူ ယင်လပ်ရှင်နာဝပ်ထရာ အစိုးရကို ဖြုတ်ချခဲ့တဲ့ တော်ဝင်ဝါဒီ စစ်တပ်ရဲ့ တိုင်ကြားချက်ဟာ သြဇာကြီးတဲ့ သူဌေးကြီး သက်ဆင် ၂၀၁၅ ခုနှစ်တုန်းက ပြည်ပမီဒီယာတွေကို အင်တာဗျူးလုပ်ရာမှ ထွက်ပေါ်လာတဲ့ စကားကို ကိုးကားပြီး တရားစွဲဖို့ ဖြစ်လာတာပါ။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သက်ဆင်က အမှားအယွင်းတွေကို ငြင်းဆိုထားပြီး တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိကြောင်း ထပ်ခါတလဲလဲ ကတိပြုထားပါတယ်။

ထိုင်းနိုင်ငံရဲ့ တော်ဝင်မိသားစုအပေါ် စော်ကားမှု ဥပဒေက တော်ဝင်မိသားစုအပေါ် ဝေဖန်တာတွေကို တားမြစ်ထားပြီး ကမ္ဘာ့အတင်းကျပ်ဆုံးလည်း ဖြစ်ပါတယ်။

တော်ဝင်မိသားစုကို စော်ကားမှု တခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်တဲ့ အငြင်းပွားစရာ ဥပဒေအောက်မှာ မကြာသေးမီနှစ်တွေအတွင်း တရားစွဲဆိုမှုပေါင်း ၂၇၀ ကျော်ထဲမှာ သက်ဆင်ရဲ့အမှုဟာ အထင်ရှားဆုံးအမှု ဖြစ်လာပါတယ်။

သက်ဆင်ရဲ့ရှေ့နေ ဝီညက်ချာမွန်ထရီကတော့ ပြီးပြည့်စုံတဲ့ ခုခံကာကွယ်မှုတခုကို ပြင်ဆင်ထားပြီး ဒီအမှုအတွက် အာမခံချက်ရယူမယ်လို့ ပြောပါတယ်။

သက်ဆင်ဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံထားရလို့ ဗုဒ္ဓဟူးနေ့ ကြားနာပွဲကို ရောက်မလာခဲ့ပါဘူး။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013