မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက အမျိုးသားတဦးကို ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ကျိုက်ထိုမြို့ခံတွေက ပြောပါတယ်။
မေ ၂၈ ရက် ည ၁၀ နာရီက ကျိုက်ထိုမြို့နယ်၊ ကော့စံနိုင်ရပ်ကွက် လေသာပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ကင်းလှည့်လာတဲ့အချိန် ပစ်ခတ်ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။
ကော့စံနိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၂၉ နှစ်အရွယ် ကိုစိုးမိုး ဆိုသူကို ပစ်သတ်သွားပြီး အလောင်းနဲ့ ဆိုင်ကယ်ကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ်။
အသက် ၂၀ နှစ်နဲ့ ၃၀ နှစ်အကြား အမျိုးသား ၃ ဦးကိုတော့ ကျိုက်ထိုမြို့ တပ်မ ၄၄ တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “၃ ယောက်က လမ်းထိပ်မှာ အရက်သောက်နေကြတယ်။ စိုးမိုးက ဘေးမှာ ဆိုင်ကယ်နဲ့ ရပ်နေကြတာ။ သူ့အိမ်က ဖုန်းဆက်ခေါ်လို့ ဆိုင်ကယ်မောင်းပြီး ထွက်တဲ့အချိန် စစ်သားတွေ ကင်းလှည့်လာတာနဲ့ တိုးပြီး ပစ်သတ်သွားတာ။ အလောင်းနဲ့ ဆိုင်ကယ်ကိုလည်း သူတို့ ယူသွားတယ်။ ကျန်တဲ့ ၃ ယောက်ကိုလည်း ဖမ်းသွားတယ်။ ရပ်ကွက်ထဲကလူတွေလည်း ဒီမနက်အထိ မလိုက်သွားရဲကြဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၂၃ ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ မုက္ခမူကျေးရွာက ကြက်ခြံအလုပ်သမား တဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပါသေးတယ်။