ကိုလံဘီယာနိုင်ငံမှာ ရိုးရာနွားရိုင်းတိုက်ပွဲတွေကို တားမြစ်ဖို့ လုပ်ဆောင်နေမှု ၇ နှစ်ကြာ မအောင်မမြင် ဖြစ်ခဲ့ပြီးနောက် မေ ၂၈ ရက်မှာ ကွန်ဂရက်လွှတ်တော်က ဥပဒေထုတ်ပြန် တားမြစ်လိုက်ပါတယ်။
နွားရိုင်းတိုက်ပွဲကို တားမြစ်တဲ့ ဥပဒေကြမ်းကို ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ အတည်ပြုခဲ့တာပါ။
နိုင်ငံရေးနဲ့ လူမှုရေးအဖွဲ့တချို့ကတော့ နွားရိုင်းတိုက်ပွဲတွေဟာ ကိုလံဘီယာနိုင်ငံရဲ့ ယဉ်ကျေးမှုတန်ဖိုးလို့ ကိုးကားပြောဆိုကြပြီး နွားရိုင်းတိုက်ပွဲတွေကို ဆက်ထိန်းသိမ်းထားစေချင်ကြတာပါ။
လွှတ်တော်အမတ် ဟွမ်န်ကားလို့စ် လိုဆာဒါက“ညှဉ်းပန်းနှိပ်စက်မှုနဲ့ ရိုင်းစိုင်းမှုကို ထုတ်ဖော်ပြသတာကို ယဉ်ကျေးမှုလို့ မယူဆနိုင်ဘူး” လို့ ပြောပါတယ်။
အကြမ်းမဖက်တဲ့ လူ့အဖွဲ့အစည်းအဖြစ်ကို ပြောင်းလဲလာတာကြောင့် ဒီကနေ့ ကမ္ဘာကြီးအတွက် ကိုလံဘီယာက စံနမူနာပြနေတာပါလို့လည်း သူက ဆိုပါတယ်။
ကွန်ဂရက်အဖွဲ့ဝင် အက်စ်မရဲလ်ဒါ ဟာနန်ဒက်ဇ်က “ဒီနေ့ ဒီအောင်ပွဲက တိရစ္ဆာန်တွေအတွက် မဟုတ်ဘူး။ ဒီအောင်ပွဲဟာ လူသားတွေအတွက် ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ရဖို့ နောက်ထပ်ခြေလှမ်းတခုဖြစ်တယ်” လို့ ပြောပါတယ်။
တိရစ္ဆာန်အခွင့်အရေး ဆန္ဒပြသူ ပက်ထရစ်ရှာ ရီဗာ့စ် ကလည်း ဒီနိုင်ငံမှာ နွားရိုင်းတိုက်ပွဲတွေကို တားမြစ်ဖို့အရေး လိုက်လုပ်ဆောင်နေတာ ကြာပြီဖြစ်ပြီး ငြိမ်းချမ်းရေး ယဉ်ကျေးမှုအကြောင်းပြောရင် ငြိမ်းချမ်းရေးဟာ လူသားတွေသာမက တိရစ္ဆာန်တွေနဲ့ပါ သက်ဆိုင်တယ်လို့လည်း တွေးဖို့လိုကြောင်းနဲ့ တိရစ္ဆာန်တွေမှာလည်း အသက်ရှင်ပိုင်ခွင့်ရှိတယ်လို့ ပြောပါတယ်။
နွားရိုင်းတိုက်ပွဲတွေကို ဆက်ရှိနေစေချင်တဲ့ဘက်က ဆန္ဒပြသူ ယူလိယက်သ် ဟယ်ရက်ဘ်ရာ ကတော့ “ဒါဟာ ယဉ်ကျေးမှုအတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်၊ လယ်ကွင်းအတွက် ခက်ခဲတဲ့ ထိုးနှက်ချက်၊ ကိုလံဘီယာ လယ်သမားတွေနဲ့ ဒါကို အားကိုးတဲ့ လူတွေအတွက် ခက်ခဲပါတယ်” လို့ ပြောပါတယ်။
ဒီတိုက်ပွဲတွေက နွားတကောင် ၂ ကောင်ပေါ်မှာပဲ မှီခိုနေရတာမဟုတ်ဘဲ လယ်ကွင်းထဲမှာ အလုပ်လုပ်ပြီး နွားတွေကို သယ်ဆောင်ပို့ပေးရသူတွေ၊ အစာရောင်းချသူတွေ၊ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေ၊ လမ်းဘေးဈေးသည်တွေနဲ့လည်း သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။
ကိုလံဘီယာ ဖွဲ့စည်းပုံခုံရုံးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တိကျသေချာတဲ့ စည်းမျဥ်းစည်းကမ်းတွေထုတ်ဖို့ ကွန်ဂရက်လွှတ်တော်ကို မကြာသေးခင် နှစ်တွေအတွင်း တိုက်တွန်းခဲ့ပါတယ်။
နွားရိုင်းတိုက်ပွဲတွေကို အာဂျင်တီးနားနဲ့ ကျူးဘားလို လက်တင်အမေရိက နိုင်ငံတချို့မှာ ဥပဒေအရ တားမြစ်ထားပြီး မက္ကဆီကိုနဲ့ ပီရူးနိုင်ငံက နေရာအများစုမှာတော့ တရားဝင် ဖြစ်ပါတယ်။
Source/Photo-Reuters