မြောက်ကိုရီးယားက ထောက်လှမ်းရေးဂြိုဟ်တုကို ပစ်လွှတ်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့ နောက်တရက်အကြာမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ ကာကွယ်ရေးသိပ္ပံ အကယ်ဒမီကို သွားရောက်ခဲ့တဲ့ ဓာတ်ပုံတွေကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA သတင်းဌာနက မေ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ကင်မ်နဲ့ စစ်ယူနီဖောင်းဝတ် အရာရှိတွေဟာ မေ ၂၈ ရက်မှာ သင်တန်းကျောင်းရှိ စစ်လက်နက်ပစ္စည်း မော်ဒယ်တွေ ပြသထားတဲ့ ပြပွဲခန်းမကို ကြည့်ရှုခဲ့ကြောင်း KCNA သတင်းဌာနက ပြောကြားခဲ့ပါတယ်။
ခရီးစဉ်အတွင်းမှာ ကင်မ်ဂျုံအန်းက မိန့်ခွန်းပြောကြားခဲ့ရာမှာ အာကာသထောက်လှမ်းမှု စွမ်းရည်ဟာ ရန်သူခြိမ်းခြောက်မှုကနေ ကိုယ်တိုင်ကာကွယ်ဖို့ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးကြောင်း ပြောကြားခဲ့ပြီး အဲဒီစွမ်းရည်ကို ပိုင်ဆိုင်ဖို့အတွက် နိုင်ငံဟာ ဘယ်တုန်းကမှ တိုက်ပွဲကို စွန့်လွှတ်မှာမဟုတ်ကြောင်းလည်း ကာကွယ်ရေးအကယ်ဒမီ တည်ထောင်ခြင်း နှစ် ၆၀ ပြည့် အခမ်းအနားမှာ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားသွားကြောင်း နိုင်ငံပိုင်မီဒီယာက ဆိုပါတယ်။
ကာကွယ်ရေးအကယ်ဒမီဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်အစီအစဉ်ကို လုပ်ဆောင်နေတဲ့ အဓိက စစ်ဘက်ဆိုင်ရာ အေဂျင်စီတခု ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ မေ ၂၇ ရက်က သူလျှိုဂြိုဟ်တုလွှတ်တင်ဖို့ ကြိုးပမ်းမှုဟာ ပျံသန်းနေမှုအတွင်း ပထမအဆင့်မှာ booster ပေါက်ကွဲသွားပြီးနောက် မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
တနင်္လာနေ့က ဂြိုဟ်တုလွှတ်တင်တာကို အာကာသယာဉ် အစီအစဉ်တခုကို ကိုင်တွယ်နေတဲ့ သီးခြားအေဂျင်စီတခုက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ပြောပါတယ်။
Source/Photo-Reuters