မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်မှာ မေ ၂၇ ရက် မနက်ပိုင်းက နေအိမ်အတွင်း အသတ်ခံထားရတဲ့ မိသားစု ၄ ဦးအလောင်းကို တွေ့ခဲ့ရပြီး မေ ၂၈ ရက်အထိ တရားခံ မမိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း ရွှေကူရပ်ကွက်က ပန်းရန်ဆရာ ဦးကံချွန်၊ ဇနီးဖြစ်သူ ဒေါ်အေးရွှေနဲ့ သား ၂ ဦး အသတ်ခံထားရတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ည ၁ နာရီ ၂ နာရီလောက်က သတ်ခံထားရတယ်လို့ ပြောတယ်။ ခုက ဘယ်လိုဖြစ်ပြီး သတ်ခံရတယ်ဆိုတာ မသိကြဘူး။ လည်ပင်းကဆွဲကြိုးတွေ ပစ္စည်းတွေ ဘာမှမယူသွားဘူးဆိုတော့ ဓားပြတိုက်တာ မဟုတ်ဘူး။”
အသတ်ခံရသူ မိသားစုက ငွေကြေးချမ်းသာကြသူများ မဟုတ်ဘဲ သာမန်မိသားစုသာဖြစ်ပြီး အသတ်ခံရတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။
မိသားစု ၄ ဦး အသတ်ခံရတဲ့အိမ်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေ လာပြီးစစ်ဆေးကာ ပစ္စည်းတချို့ သိမ်းသွားတယ်လို့ သိရပါတယ်။
အသတ်ခံရသူ မိသားစု ၄ ဦး အလောင်းကို မိုးကုတ်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံမှာ ထားထားပြီး မေ ၂၈ ရက်မှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။