ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်နယ်မြေအတွင်းမှာ လူငယ် လူရွယ်တွေ အလုပ်လျှောက်ထားသူ ပိုမိုများပြားလာတယ်လို့ AA နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။
AA ထိန်းချုပ်နယ်မြေအတွင်းမှာ ပြန်လည်တည်ဆောက်ရေးအတွက် တာဝန်တွေထမ်းဆောင်ဖို့ အလုပ်လျှောက်ထားသူ လူငယ် လူရွယ် သိန်းနဲ့ချီ ရှိတယ်လို့ AA နဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
အများစုကတော့ အုပ်ချုပ်ရေးဌာန၊ ပညာရေး၊ ကျန်းမာရေး၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ လျှောက်ထားသူများပြားပြီး ပညာအရည်အချင်းကတော့ အနည်းဆုံး ၉ တန်းအောင် သတ်မှတ်ကာ အသက် ၁၈ နှစ်ကနေ ၃၂ နှစ်အထိ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
လာရောက်လျှောက်ထားသူတွေကို ကျွမ်းကျင်ပညာရှင်တွေက သင်တန်းပို့ချပေးမှာဖြစ်ပြီး ပညာရေးနဲ့ပတ်သက်လို့လည်း ဆက်လက် ပညာသင်ကြားခွင့်တွေ ရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။
ULA အုပ်ချုပ်ရေးဌာနမှာ အလုပ်လျှောက်ထားတဲ့ ရသေ့တောင်မြို့နယ်က လူငယ်တယောက်ကတော့ “ကျနော်တို့အနေနဲ့ အာရက္ခတိုင်းပြည် တည်ဆောက်ရေးအတွက် မိမိတတ်နိုင်တဲ့ နေရာကနေ အမျိုးသားရေးအသိစိတ်နဲ့ ဝင်ရောက် တာဝန်ထမ်းဆောင်တာ ဖြစ်ပြီး ပေးအပ်လာတဲ့ တာဝန်တွေကို ကျေပြွန်အောင် ထမ်းဆောင်သွားမယ်” လို့ ပြောပါတယ်။
လာမယ့်ကာလတွေမှာလည်း အာရက္ခတပ်တော် (AA) ရဲ့ အရာရှိသင်တန်း အမှတ်စဥ် ၄ နဲ့ အခြေခံသင်တန်းတွေ ဖွင့်လှစ်ပေးဖို့ စီစဥ်ထားပြီး ရခိုင်ပြည်အတွင်းမှာရှိတဲ့ လူငယ် လူရွယ်တွေ အနေနဲ့ အမျိုးသားရေးအသိစိတ်၊ မွေးရာပါအသိစိတ်တွေနဲ့ သမိုင်းပေး တာဝန်တွေကို လူတိုင်းထမ်းဆောင်ကြဖို့ ULA/AA က တိုက်တွန်းထားပါတယ်။