Home
မြန်မာသတင်း
အုတ်တွင်းတွင် ရဲကားပစ်ခတ်ခံရပြီး ၃ ဦးသေ၊ ဆားလင်းကြီး ရဲတပ်သား ၁ ဦး လက်နက်ဖြင့် အလင်းဝင်
DVB
·
May 29, 2024
OakTwinPoliceShoot_29052024

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ကင်းလှည့်နေတဲ့ ရဲကားကို မိုင်တိုင်အမှတ် ၁၄၄ မှာ မေ ၂၈ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ တိုက်ခိုက်ခဲ့လို့ ရဲကား မီးလောင် ပျက်စီးပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ရဲ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“မိုင်တိုင် ၁၄၄ က ပိတောက်ခင်ရွာနဲ့ ကြက်တက်ညောင်ပင်ရွာကြားမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကင်းပုန်းဝပ်ပြီး စောင့်ပစ်ခဲ့တာပါ” လို့ အမည်မဖော်လိုတဲ့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ ဗောဓိကုန်းရဲကင်းနဲ့ ဇီးပင်သာရဲကင်းတွေက ရဲကားတွေနဲ့ စစ်ကူတွေ ရောက်လာချိန် တော်လှန်ရေးတပ်တွေ ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။

တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တဦးက “ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အမြန်လမ်းနဲ့ဆိုင်တဲ့ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ မဖြစ်သင့်တာ မဖြစ်အောင် အထူးလိုက်နာကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၂၀ က စစ်ကောင်စီတပ်သားတွေရှိတဲ့ စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဆားလင်းကြီးမြို့မရဲစခန်းက ရဲတပ်သားအဆင့်ရှိသူ တဦးဟာ မေ ၂၆ ရက်က လက်နက်နဲ့အတူ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၄ (Salingyi Revolution Eagles) တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၆၊ တပ်ခွဲ ၄ တာဝန်ခံတဦးက “ဆားလင်းကြီးမြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ထူးကောင်းဆက်က သူကိုင်ခဲ့တဲ့ သေနတ်နဲ့အတူ အလင်းဝင်ရောက်လာတာပါ” လို့ DVB ကို အတည်ပြု ပြောပါတယ်။

ရဲတပ်သား ထူးကောင်းဆက်ဟာ G3 သေနတ် ၁ လက်၊ 7.62 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခုတို့နဲ့အတူ အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ပြောရေးဆိုခွင့်ရှိသူတဦးက “ကျနော်တို့တပ်ရင်းကနေ အလင်းဝင်ရောက်လာတဲ့ ရဲတပ်သား ထူးကောင်းဆက်ကို ဆုငွေ သိန်း ၁၀၀ ချီးမြှင့်ပေးအပ်ပြီး လုံခြုံဘေးကင်းတဲ့နေရာကို ပို့ဆောင်ထားပေးပါတယ်” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း CDM ပြုလုပ်ထားတဲ့ သူရဲကောင်းတွေကို ဝိုင်းဝန်းထောက် ပံ့ ကူညီပေးကြဖို့ မေတ္တာရပ်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့လည်း နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးဝင်ရောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Photos - Salingyi Revolution Eagles

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013