Home
မြန်မာသတင်း
စစ်တပ်က ၂ နှစ်အတွင်း အစုအပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁၄၀၀ ကျော် သေဆုံး
DVB
·
May 29, 2024
BNI 2

မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်က ၂ နှစ်အတွင်း ၅ ဦးနဲ့အထက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၅၄ ခုရှိခဲ့ပြီး အရပ်သား ၁၄၄၆ ဦးအထိ သေဆုံးခဲ့တယ်လို့ BNI-Myanmar Peace Monitor က ထုတ်ပြန်ပါတယ်။

BNI-Myanmar Peace Monitor က “လက်ထုတ္တောရွာဖြစ်စဥ်နှင့် စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ” အစီရင်ခံစာကို မေ ၂၇ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

စစ်ကောင်စီတပ်ရဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်တွေဟာ စစ်ကိုင်းတိုင်းမှာ ၄၈ ခု၊ ရခိုင်ပြည်နယ်မှာ ၁၆ ခု၊ မန္တလေးတိုင်းမှာ ၁၄ ခုနဲ့ ကျန်ဒေသတွေမှာ ၅ ခုနဲ့အထက် အသီးသီးတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အစီရင်ခံစာအရ ၁၅၄ ခုသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဥ်ရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးဟာ စစ်ကောင်စီတပ်က အရပ်သားတွေကို တိုက်ရိုက်ဦးတည် ဖမ်းဆီးသတ်ဖြတ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံကြဲတိုက်ခိုက်တာကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ် ၄၂ ခုရှိပြီး အဝေးမှတဆင့် လက်နက်ကြီး၊ အမြောက် စတာတွေနဲ့ ပစ်ခတ်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ဖြစ်စဥ် ၁၇ ခုရှိတယ်လို့ ဖော်ပြထားပါတယ်။

BNI-Myanmar Peace Monitor တာ၀န်ခံက “ကျနော်တို့မှတ်တမ်းက ၂၀၂၂ ခုနှစ် မေလ ၁ ရက်မှ ၂၀၂၄ မေလ ၁၅ ရက်အတွင်း တွေ့ရှိချက်တွေဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ လက်လှမ်းမမီသေးသော၊ သတင်းမီဒီယာမှာ ဖော်ပြခြင်းမခံရသေးတဲ့ ဖြစ်စဉ်တွေ ကျန်ရှိနေနိုင်ပါသေးတယ်။ ဒီမှတ်တမ်းကို လေ့လာကြည့်ရင်ပဲ အရပ်သားပြည်သူတွေကို တိုက်ရိုက် ဖမ်းဆီးသတ်ဖြတ်တာ၊ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာ၊ အဝေးကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ စတဲ့အကြောင်းအရာတွေကြောင့် ဒီလိုအစုလိုက်အပြုံလိုက် သေဆုံးခဲ့ကြရတာပါ။ ဒါကိုကြည့်ရင် ဖြစ်စဉ်တွေအားလုံးကို အာဏာသိမ်းစစ်အုပ်စုနဲ့ အပေါင်းအပါတွေကပဲ ကျူးလွန်ခဲ့တယ်ဆိုတာ ထင်ရှားပါနေပါတယ်” လို့ ပြောပါတယ်။

တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေနဲ့ အရပ်သားပြည်သူတွေကို တိတိပပ ခွဲခြားနိုင်ခြင်းမရှိတဲ့ စစ်အုပ်စုက နေ့စဉ်နဲ့အမျှ မြင်မြင်သမျှကို ရန်သူသဖွယ်ပြုမူဆက်ဆံလာတာလို့ ဆိုပါတယ်။ 

“အရပ်သားပြည်သူတွေအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြပြီး ပြည်သူလူထုအကြား အကြောက်တရားရိုက်သွင်းဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်အုပ်စုနဲ့ အပေါင်းအပါတွေအနေနဲ့ သူတို့ရဲ့ လုပ်ရပ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်တန်ပါပြီ။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ထမင်းစားရေသောက်သလို ပုံမှန်အခြေအနေမျိုး ဖြစ်မသွားဖို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်” လို့ BNI-Myanmar Peace Monitor တာ၀န်ခံက ပြောပါတယ်။

၂၀၂၂ ခုနှစ် မေ ၁ ရက်မှ ၂၀၂၄ ခုနှစ် မေ ၁၅ ရက်အထိ ၂ နှစ်ကျော်ကာလ ပဋိက္ခတိုက်ပွဲ ဖြစ်စဥ်တွေအတွင်း အရပ်သား ၄၀၄၂ ဦးအထိ သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013