အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျက်စ်သန်ပြည်နယ်မှာ အပူလှိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ ကယ်ဆယ်ရေးဝန်ကြီး ကိရိုးဒိ လားလ်မီနာက မေ ၂၈ ရက်မှာ ပြောကြားလိုက်ပြီး ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အပူချိန်တွေ ပိုမိုမြင့်မားလာမယ်လို့ ခန့်မှန်းထားပါတယ်။
အလောင်းခွဲစိတ်စစ်ဆေးတဲ့ သတင်းတွေမှာ အပူဒဏ်ကြောင့် သေဆုံးသူ ၆ ဦး ရှိတယ်လို့ အတည်ပြုကြောင်းနဲ့ ရင်ခွဲစစ်ဆေးခြင်း မခံရသေးတဲ့ တခြားအလောင်း ၆ လောင်း ရှိနေသေးကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
ရာဂျက်စ်သန်ပြည်နယ် ဘားရ်မာမြို့မှာ မေ ၂၃ ရက်က အပူချိန် ၄၈ ဒသမ ၈ စင်တီဂရိတ် (၁၁၉ ဒသမ ၈၄ ဖာရင်ဟိုက်) အထိ စံချိန်တင် အပူချိန် တက်သွားခဲ့အပြီးမှာ ခုလို အပူဒဏ်ကြောင့် သေဆုံးရတဲ့သတင်းတွေ ထွက်ပေါ်လာတာပါ။
ရာဂျက်စ်သန်ပြည်နယ်ရဲ့ အစိတ်အပိုင်း အများအပြားမှာသာမက ပန်ဂျပ်ဘ်ပြည်နယ်နဲ့ ဟာယာနာပြည်နယ် မြောက်ပိုင်းတို့မှာလည်း အပူလှိုင်းကနေ ပြင်းထန်တဲ့ အပူလှိုင်းအထိ ဖြစ်လာမယ့် အခြေအနေတွေကို မိုးလေဝသ တာဝန်ရှိသူတွေက သတိပေးထားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နွေရာသီအပူချိန်ဟာ မေလမှာ မကြာခဏဆိုသလို အမြင့်ဆုံး ဖြစ်တတ်ပေမဲ့ သိပ္ပံပညာရှင်တွေက ဒီနှစ်မှာ ပုံမှန်ထက် အပူလှိုင်းရက်တွေ ပိုတိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အများစုကတော့ မုတ်သုံလေ မဟုတ်တဲ့ ထစ်ချုန်းမိုး နည်းပါးခြင်းနဲ့ အသက်ဝင်နေပေမဲ့ အားပျော့တဲ့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်တို့ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ရာချီတဲ့ အိန္ဒိယလယ်သမားတွေကတော့ ပန်ဂျပ်နဲ့ ဟာယာနပြည်နယ်ကြား အဝေးပြေးလမ်းမကြီးရဲ့ အလယ်မှာ ရက်ပေါင်း ၁၀၀ ကျော် စခန်းချရင်း အပြင်းအထန် ရိုက်ခတ်လာတဲ့ အပူလှိုင်းဒဏ်ကို ခံရင်း သူတို့ရဲ့ ကောက်ပဲသီးနှံတွေ ဈေးကောင်းရရေး တောင်းဆိုဆန္ဒပြနေပါတယ်။
အိန္ဒိယနိုင်ငံမြောက်ပိုင်း အနှံ့အပြားမှာ အပူလှိုင်းကြီး အပြင်းအထန် ပျံ့နှံ့နေပေမဲ့ လယ်သမားတွေဟာ ဖေဖော်ဝါရီလလယ် ဆန္ဒပြပွဲစတင်ချိန်က စပြီး ရှမ်ဘူနယ်စပ်မှာ စခန်းချခဲ့ကြတာပါ။
တာပေါ်လင်နဲ့ ဖုံးထားတဲ့ ထွန်စက်တွေ တွန်းလှည်းတွေနဲ့ ယာယီအိမ်တွေမှာ နေရတာဟာ အပူချိန် ၅၀ ဒီဂရီစင်တီဂရိတ် လောက်ရှိတယ်လို့ ခံစားရစေပါတယ်။
ဖေဖေါ်ဝါရီ ၁၃ ရက်ကစပြီး ပန်ဂျပ်ပြည်နယ်က လယ်သမား ထောင်ပေါင်း များစွာဟာ “ဒေလီကို ချီတက်ကြ”လို့ အဓိပ္ပါယ်ရတဲ့ လှုပ်ရှားမှုနဲ့အတူ ချီတက်ခဲ့ကြပြီး အိပ်ယာနဲ့ စားစရာတွေ တင်ထားတဲ့ ကုန်ကားတွေ ထွန်စက်တွေနဲ့ မြို့တော်ဆီ ထွက်ခွာခဲ့ကြပါတယ်။
ဒါပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံပြည့်နဲ့ မျက်ရည်ယိုဗုံးတွေ ရေအမြောက်တွေကို သုံးပြီးဟန့်တားခဲ့ပါတယ်။
ရိုက်တာသတင်းဌာနနဲ့ စကားပြောခဲ့တဲ့ လယ်သမားတွေနဲ့ ခေါင်းဆောင်အများစုကတော့ သူတို့ဟာ တောင်းဆိုချက်တွေကို မလိုက်လျောဘဲ သူတို့ရဲ့ ဆန္ဒထုတ်ဖော်မှုကို ရပ်ပြီး အိမ်ပြန်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောပါတယ်။
သပိတ်စခန်းမှာ နေ့စဉ် လူရာချီဟာ အပူနဲ့ ပတ်သက်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ခဲ့တယ်လို့ ဒေါက်တာ ဆွာရန်ဆင်းဂ် ကန်စယ်က ပြောပါတယ်။
အများစုက ရောက်ရာနေရာမှာ ကုသမှုခံယူခဲ့ရပေမဲ့ ပိုပြင်းထန်တဲ့ ဖျားနာသူတွေကို နီးစပ်ရာ ဆေးရုံတွေဆီပို့ပြီး စနစ်တကျ ကုသပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
လယ်သမားအုပ်စုတွေဟာ ဥပဒေအရ ကျောထောက်နောက်ခံပေးထားတဲ့ အာမခံချက်တွေ၊ နိုင်ငံတော်ရဲ့ ပံ့ပိုးကူညီမှုနဲ့ သီးနှံတွေဝယ်တဲ့ အနည်းဆုံး စျေးနှုန်း အာမခံချက်တွေကို ရဖို့ ကြိုးစားနေတာပါ။
ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရဟာ အလားတူတနှစ်တာ ဆန္ဒပြမှုအပြီးမှာ လယ်ယာ ပြုပြင်ရေးဥပဒေတချို့ကို ၂၀၂၁ ခုနှစ်က ရုပ်သိမ်းခဲ့ပြီး ထုတ်ကုန်အားလုံးအတွက် စျေးနှုန်းအထောက်အပံ့ ဖြစ်စေရေး နည်းလမ်းတွေရှာဖို့ မူဘောင်တခုဖွဲ့စည်းဖို့ ကတိပြုခဲ့ဖူးပါတယ်။
ဒီကတိကဝတ်တွေကို အစိုးရက အကောင်အထည်ဖော်ဖို့ နှေးကွေးနေတယ်လို့ လယ်သမားတွေက စွပ်စွဲပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ပြည်လုံးကျွတ် ရွေးကောက်ပွဲတွေအတွက် ဧပြီ ၁၉ ရက်မှာ စတင်မဲပေးခဲ့ပြီး ဇွန် ၁ ရက်နေ့မှာ ရွေးကောက်ပွဲ ပြီးဆုံးမှာပါ။ ဇွန်လ ၄ ရက်နေ့မှာ မဲရလဒ်တွေ ထွက်ပေါ်လာဖို့ မျှော်လင့်ထားပါတယ်။
Source/Photo-Reuters