အာမေးနီးယားနိုင်ငံ ယယ်ရဗန်အစိုးရနဲ့ သဘောတူညီချက်အရ အာမေးနီးယားနယ်စပ်ရှိ ဂါဇက်ခရိုင်မှ ရွာ ၄ ရွာကို အဇာဘိုင်ဂျန် နယ်ခြားစောင့်တပ်က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အဇာဘိုင်ဂျန် ဒုတိယဝန်ကြီးချုပ် ရှာဟင်န် မူစတာဖာယက်ဗ်က မေ ၂၄ ရက်မှာ ပြောပါတယ်။
နယ်နိမိတ်ကန့်သတ်ချက် သဘောတူညီချက်အရ သောကြာနေ့မှာ အဇာဘိုင်ဂျန်ကို ပြန်လည်ရောက်ရှိခဲ့တဲ့ နယ်မြေအရွယ်အစားဟာ ၆ ဒသမ ၅ စတုရန်းကီလိုမီတာ (မိုင်အားဖြင့် ၂ ဒသမ ၅ စတုရန်းမိုင်) ဖြစ်တယ်လို့ မူစတာဖာယက်ဗ်က ဆိုပါတယ်။
ဧပြီလတုန်းက အာမေးနီးယားနိုင်ငံဟာ လူသူနေထိုင်ခြင်းမရှိတဲ့ ရွာတွေကို အဇာဘိုင်ဂျန်ကို ပြန်ပေးမယ်လို့ ပြောခဲ့ဖူးပြီး ဒါဟာ ဆယ်စုနှစ် ၃ ခုကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြတဲ့ ယယ်ရဗန်နဲ့ ဘာကူတို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် လမ်းကြောင်းပေါ်ရှိ မှတ်တိုင်တခု ဖြစ်တယ်လို့ နှစ်ဖက်စလုံးက ပြောပါတယ်။
ရွာ ၄ ရွာကို လွှဲပြောင်းပေးဖို့ အာမေးနီးယန်းဝန်ကြီးချုပ် နိကိုလ် ပါရှင်းယန် ရဲ့ ဆုံးဖြတ်ချက်ကြောင့် ပြည်တွင်းမှာ ဆန္ဒပြပွဲတွေ ပေါ်လာခဲ့ပြီး သူ့ကို သစ္စာဖောက်အဖြစ် မှတ်တမ်းတင်ပြီး ရာထူးကနေ ဆင်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုကြပါတယ်။
ဝန်ကြီးချုပ် ပါရှင်းယန်က နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာ အာမေးနီးယန်းလူမျိုးတွေဟာ တိကျတဲ့ ပထဝီဝင်နယ်မြေတခုအတွင်း ဇာတိမြေကို အချိန်အတော်ကြာအောင် ရှာဖွေခဲ့ပုံနဲ့ နိုင်ငံတော်နယ်စပ်တွေကို အမျိုးသားနယ်နိမိတ် သတ်မှတ်ရေးက လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်ခဲ့ပုံတွေကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပါတယ်။
အာမေးနီးယန်းပြည်သူတွေ အားလုံးရဲ့ ရည်ရွယ်ချက်မှာ “အချုပ်အခြာအာဏာပိုင်ပြီး နယ်နိမိတ်သတ်မှတ်ထားတဲ့ ဒီမိုကရေစီနိုင်ငံ အာမေးနီးယားဟာ အမျိုးသားရေး အတွေးအခေါ်နဲ့ အယူအဆတခု ဖြစ်လာပြီ” ဆိုတာကို လုပ်ဆောင်ဖို့ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဇာဘိုင်ဂျန်နိုင်ငံဟာ သူ့ရဲ့ နာဂေါနို-ကရာဘာ့ခ် ဒေသတခုလုံးကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီနေရာမှာ နေထိုင်နေတဲ့ အာမေးနီးယန်း လူမျိုးစုတွေ အစုအပြုံလိုက် ထွက်ခွာလာရမှုဟာ ယယ်ရဗန်ကို နာကျင်စေတဲ့ ထိုးနှက်ချက် ဖြစ်စေခဲ့ပါတယ်။
ဒါပေမဲ့ ဆွေးနွေးရေးစားပွဲဝိုင်းကနေ ကာလကြာရှည် သဘောထားကွဲလွဲမှု အရင်းအမြစ်ကို ဖယ်ရှားလိုက်ပြီးတော့ ခက်ခဲတဲ့ သဘောတူညီချက်တခုအတွက် လမ်းဖောက်ခဲ့ပါတယ်။
အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားတို့မှာ တခြားနယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ရှိနေပေမဲ့လည်း နှစ်ဖက်စလုံးကတော့ တဖက်ဖက်က နယ်မြေထိန်းချုပ်မှုကို စွန့်လွှတ်တာ ဒါမှမဟုတ် ဝင်ရောက်ခွင့်ပေးဖို့ကို အများစု လိုလားနေတာ ဖြစ်ပါတယ်။
Source/Photo-Reuters