ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် လူနေအိမ် ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ တီးတိန်ဒေသခံတွေက ပြောပါတယ်။
မေ ၂၇ ရက် မနက် ၄ နာရီခွဲမှာ တီးတိန်မြို့ မြို့မရပ်ကွက်က မိုက်ခရိုတာဝါတိုင်စခန်းကို PDF-Zoland ဦးဆောင်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် တိုက်ပွဲအပြီး ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီတပ်က မြို့ကို မီးရှို့ခဲ့တာ ဖြစ်ပါတယ်။
မီးရှို့ခံရမှုကြောင့် တီးတိန်မြို့ မြို့မရပ်ကွက်မှ လူနေအိမ် အလုံး ၃၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
တီးတိန်မြို့ခံတဦးက “တိုက်ပွဲက မနေ့ နေ့လယ်ကတည်းက မဖြစ်တော့ဘူး။ စကစ က တိုက်ပွဲရပ်ပြီးမှ မီးရှို့တာ၊ နေအိမ် ၃၀ ကျော် ပါသွားတယ်။ ညတုန်းက မိုးရွာလို့ မီးငြိမ်းသွားတာပါ။ မြို့မရပ်ကွက်နဲ့ နာရီစင်အနီးတဝိုက်က အိမ်တွေ မီးလောင်သွားတယ်” လို့ ပြောပါတယ်။
တိုက်ပွဲကြောင့် တီးတိန်မြို့ပေါ် ၃ ရပ်ကွက်က လူဦးရေ ၁၀,၀၀၀ နီးပါး တီးတိန်မြို့နယ်ထဲက ကျေးရွာတွေဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။