Home
မြန်မာသတင်း
မလေးရှားတွင် မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသား ၁၂၄ ဦး ဖမ်းဆီးခံရ
DVB
·
May 28, 2024
Malay 2852024

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော် ဆန်းတိုးမြို့က တရားမဝင်နိုင်ငံခြားသားတွေ အလုပ်လုပ် တဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုကို မေ ၂၈ ရက် မလေးရှားစံတော်ချိန် မနက် ၁ နာရီ လောက် မှာ တာဝန်ရှိသူတွေက ဝင်ရောက်စီးနင်းခဲ့ရာ မြန်မာနိုင်ငံသားတွေအပါအဝင် တရားမဝင် နိုင်ငံခြားသား ၁၂၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မလေးရှားရောက်မြန်မာတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၁၂၄ ဦးထဲမှာ မြန်မာနိုင်ငံသား အယောက် ၄၀၊ အိန္ဒိယနိုင်ငံသား ၁၉ ဦးနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

အခုဖမ်းဆီးမှုကို မလေးရှားလူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ်က ဦးဆောင်ကာ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ ပါဝင်ခဲ့ပြီး ဖမ်းဆီးထားသူတွေကိုတော့ ကွာလာလမ်ပူမြို့ရှိ ပူကစ်ဂျာလီရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

“ဆန်တိုးက ဆောက်လုပ်ရေးဆိုဒ်ကိုဝင်စီးတာ၊ အလုပ်သမားတွေက အလုပ်လုပ်ရင်း ဆိုဒ်ထဲမှာပဲ နေကြတာပေါ့နော်၊ မလေးရှား လဝက ညွှန်ကြားရေးမှုကိုယ်တိုင်ဦးဆောင်ပြီး အော်ပရာစီဝင်တာ၊ ၁၀၀ ကျော် အဖမ်းခံရတဲ့ထဲမှာ မြန်မာက ၄၀ ပါတယ်၊ အခုတော့ သူတို့ကို ရဲစခန်းမှာ ထားထားတယ်၊ တရားမဝင်နေထိုင်မှုနဲ့ တရားစွဲမယ်လို့ သိထားရတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကို အကူအညီပေးသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၃ ရက်နေ့ကလည်း မလေးရှားနိုင်ငံ ဟိုဂျိုးပြည်နယ် စီနင်းမြို့မှာ မြန်မာအပါအဝင် တရားမဝင် အလုပ်သမား ၂၂၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

မလေးရှားနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် တရားမဝင်နေထိုင်သူတွေကို တရားဝင် ဒဏ်ကြေးငွေပေးဆောင်ပြီး နေရပ်ပြန်နိုင်ရေးအတွက် မလေးရှားအစိုးရက ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013