Home
မြန်မာသတင်း
မွန်-ကရင်နယ်စပ် ကျေးရွာများတွင် စစ်တပ် တပ်စွဲသဖြင့် ဒေသခံများ နေရပ်မပြန်ရဲ
DVB
·
May 28, 2024
maxresdefault (1)

မွန်-ကရင်နယ်စပ်က   ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ထွက်ခွာမသွားသေးတာကြောင့် စစ်ရှောင်ပြည်သူတွေ နေရပ်ပြန်လည်ဝင်ရောက် မနေထိုင်ရဲသေးဘူးလို့ သိရပါတယ်။

မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကျေးရွာတွေကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပါတယ်။

ဧပြီ ၂၅ ရက်က ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့ပြီး စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ ဖိအားပေး ခေါ်ယူခဲ့ပါတယ်။  လက်ရှိအချိန်အထိ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်နေအိမ်တွေမှာ ဝင်ရောက်တပ်စွဲနေပါတယ်။

စစ်ရှောင်ပြည်သူတဦးက “ရွာထဲကို ဒေသခံတွေ မဝင်ရဲတာက သူတို့ ရွာကိုစဝင်တဲ့အချိန်မှာ တော်လှန်ရေးအဖွဲ့တွေ မရှိဘဲနဲ့ နယ်မြေရှင်းလင်းရေး ဆိုပြီးတော့ သေနတ်တွေ ဖောက်ပြီးတော့ ဝင်လာတယ်။ နောက် ပြည်သူကို ရိုက်နှက်တာတွေလည်း ရှိတယ်။ သူတို့ရှိနေသရွေ့ကတော့ ဒရုန်းတွေကျတယ်။ သူတို့က အိမ်ထဲမှာနေနေတဲ့အခါကျတော့ လူတွေက မနေရဲဘူး” လို့ ပေြာပါတယ်။

စစ်ကောင်စီက ဖိအားပေး ပြန်လည်ခေါ်ယူနေပေမဲ့ မွန်-ကရင်နယ်စပ် ဂျိုင်းမြစ်တလျှောက်က ကော့ဘိန်း၊ ကော့ပေါက်၊ ဓမ္မသ၊ မင်းရွာ၊ သံက‌လောင်၊ တရနာ၊ ကော့စွယ်၊ ကော့သပ် စတဲ့ကျေးရွာက အိမ်ခြေ ၂၀,၀၀၀ ကျော်၊ ဒေသခံ ၁၀၀,၀၀၀ ကျော်ဟာ ဆွေမျိုးတွေနဲ့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ခိုင်းပေမဲ့ ကျေးရွာတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက တပ်စွဲနေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“စစ်ရှောင်ပြည်သူတွေကို ကျေးရွာတွေမှာ လာရောက်နေထိုင်ဖို့ အထက်ကသာ ပြန်ခိုင်းတာ။ အောက်ခြေက စစ်ကောင်စီတပ်သားတွေရဲ့ သတ်ဖြတ်ခံထိတာတွေ ရှိတယ်။ ဒီအတွက် ရွာသူရွာသားတွေက မပြန်ရဲဘူး။ ဒီနေ့ ဒီအချိန်အထိလည်း ရွာတွေမှာ တပ်စွဲထားတယ်။”

စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက်ပိုင်း ပစ်ခတ်ခံရတာ၊ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသူ သံကလောင်ကျေးရွာ ကျောင်းထိုင်ဆရာတော်နဲ့ ကလေးငယ် အပါအဝင် ပြည်သူ ၃၀ ကျော် ရှိခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ် ၅၀၀ နီးပါး ဖျက်ဆီးတာ၊ ဖောက်ထွင်းခိုးယူခံရတာတွေ ရှိတယ်လို့ စစ်ရှောင်ပြည်သူတဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်က လမ်းမှာတွေ့တဲ့ ဆိုင်ကယ်တွေ အကုန်ယူတယ်။ နောက် ကော့ဘိန်းသက်သက် အိမ်ခြေ ၅၀၀ နီးပါးလောက် ဖောက်ထွင်းခံရတယ်။ တချို့ကျတော့ အိမ်သုံးပစ္စည်းတွေ ယူသွားတာတို့ ရွှေတွေ၊ မီးခံသေတ္တာ ဖောက်တာတွေရှိတယ်။”

စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ရှောင်ကာလ ကြာမြင့်လာတဲ့အပြင် မိုးကာလ ရောက်ရှိလာပြီဖြစ်လို့ နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အလှူရှင်တွေကို အားကိုးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၅ ရက်ကစတင်ပြီး စစ်ကောင်စီက စစ်သင်္ဘော၊ မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဓမ္မသကျေးရွာ အပါအဝင် အနီးအနားကျေးရွာက အိမ်ခြေ ၅၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီက သံချပ်ကားယာဉ်တွေနဲ့ ခရုံဂူလမ်းဝကနေ ရမ္မာဝတီကားလမ်း တလျှောက်ကို အင်အားဖြည့်တင်းပြီး ထိန်းချုပ်ထားပါတယ်။

အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013