Home
မြန်မာသတင်း
သံတွဲမြို့ခံများ ကြိုတင်စစ်ရှောင်၊ စားသောက်ကုန်များပြတ်လပ် ကုန်ဈေးနှုန်းမြင့်တက်
DVB
·
May 28, 2024
ThanTwe_26042024

မြို့သိမ်းတိုက်ပွဲ ဖြစ်လာမယ်ဆိုတဲ့သတင်းတွေကြောင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့ခံတွေ ကြိုတင်စစ်ရှောင်နေကြပြီး စစ်ကောင်စီတပ်ကလည်း မြို့အဝင်အထွက်ကို တင်းကျပ်နေပါတယ်။

လက်ရှိအချိန် မြို့ထဲမှာ ပုံမှန်လည်ပတ်နေပေမဲ့ ကုန်ဈေးနှုန်းတွေတက်နေပြီး စစ်တပ်ကလည်း ခုခံစစ်ပြင်နေကြောင်း သံတွဲမြို့မှာ ကျန်ရှိသူတွေက ပြောပါတယ်။

သံတွဲမြို့အနီး တိုက်ပွဲတွေ နီးကပ်လာတာနဲ့ စစ်ရှောင်သူတွေ များလာတာကြောင့် စစ်ကောင်စီတပ်က ဆင်းခေါင်း-ကင်းမော် ရေလမ်းကြောင်းနဲ့ သံတွဲ-တောင်ကုတ် ကားလမ်းကို ပိတ်ဆို့ထားလိုက်ပြီလို့ မြို့ခံတွေက ပြောပါတယ်။

သံတွဲလေဆိပ်နဲ့ သံတွဲ-ဂွ လမ်းကို ဆက်ဖွင့်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မြို့ထဲကနေ ထွက်လိုသူတွေဟာ စစ်ကောင်စီကို ၂ ရက်လောက် ကြိုတင်အကြောင်းကြားရပြီး ခွင့်ပြုစာရွက်ကျလာမှ ခရီးသွားခွင့်ရတာလို့ ဆိုပါတယ်။

သံတွဲမြို့ခံ ကားဆရာတဦးက “တရားဝင်စာတင်ပြီး သွားရင်တော့ ရတယ်။ ထွေအုပ်ရုံးမှာ စာတင်ရတယ်။ စာတင်ရင်တော့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ မြို့နယ်ဟိုဟာပေါ့ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာတို့ အဲဒါတွေပဲ။ အဲဒါတော့ ခန့်မှန်းခြေ ပြောလို့မရဘူး။ ၂ ရက်၊ ၃ ရက်၊ တခါတလေကျရင် ၄၊ ၅ ရက် ကြာချင်လည်း ကြာတယ်။ အဲလိုရှိတယ်။ သွားတဲ့သူလည်း သွားကြတာပေါ့။ မသွားတဲ့သူလည်း မသွားဘူး။ ၃ ပုံ ၁ ပုံလောက်ပဲ သွားတာပေါ့။ သွားတယ်ဆိုတာလည်း တတ်နိုင်တဲ့သူပဲ သွားတာပေါ့။ ငွေကြေးအခက်အခဲကြောင့် မသွားနိုင်တဲ့သူတွေ အများကြီးရှိနေတာ” လို့ ပြောပါတယ်။

ဒီလို တင်းကျပ်မှုတွေအပြင် စားသောက်ကုန်နဲ့ လူသုံးကုန်တချို့၊ ဆေးဝါးတင်သွင်းမှုတွေကိုပါ ခွင့်မပြုတာကြောင့် ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပြီး ပြည်မဘက်ကသွင်းရတဲ့ ပစ္စည်းတချို့ဆို ပြတ်လပ်မှုတွေ ဖြစ်လာနေပြီလို့ တခြားမြို့ခံကလည်း ပြောပါတယ်။

တိုက်ပွဲအနေနဲ့ကတော့ သံတွဲမြို့ရဲ့ မြောက်ဘက် မိုင် ၂၀ အကွာက ရွှေလှေတိုက်နယ်ထဲမှာ ထိတွေ့မှု ၁၀ ကြိမ်အထက် ရှိခဲ့ပြီး အခုချိန်မှာတော့ မြို့ထဲကို ဒရုန်းတွေအပြင်၊ တပ်အင်အားတွေ ဖြည့်တင်းနေတယ်လို့ သိပါတယ်။ 

သံတွဲမြို့ခံ ရပ်မိရပ်ဖတဦးက “သံတွဲနယ်ထဲမှာ တိုက်ပွဲစဖြစ်တာ ၁ လလောက်ရှိပြီ။ ၁ လလောက်ရှိတော့ အသေအပျောက်လည်း ရှိကြတာပေါ့။ လင်းသီဆိုတဲ့ရွာလည်း ဗုံးဆန်တွေကျတယ်။ လေယာဉ်ကလည်း ပစ်တယ်။ အရပ်သားက လင်းသီမှာ ပထမက ၁၀ ယောက်၊ နတ်တောင်ပေါ်ဆိုတဲ့ ရွာမှာ ၉ ယောက်။ ၉ ယောက်သေတယ်ဆိုပေမဲ့ အဲဒီ ၉ ယောက်က လက်ထိတယ်၊ ခြေထောက်ထိတယ်၊ အဲလိုပေါ့၊ လက်မှာ အသားတုံးတွေ ထွက်သွားတယ်။ လက်ပြတ်တယ်၊ ခြေထောက်တွေ ထိ၊ ရှ ပြတ်တယ်ပေါ့။ အဲလိုရှိတယ်။ သေနိုင်လောက်တဲ့ ဒဏ်ရာတွေရပြီး သေတာမဟုတ်ဘူး။ သဘောကတော့ ဆိုလိုချင်တာက ဆေးရုံကို အချိန်မီမရောက်လို့၊ ဆေးကုသမှုခံယူဖို့ နောက်ကျတယ်ပေါ့။ လမ်းကြောင်းတွေ ပိတ်ထားတော့ အဲဒါကြောင့် သူတို့ ၉ ယောက် သေသွားတယ်” လို့ ပြောပါတယ်။

လမ်းကြောင်းတင်းကျပ်တာကြောင့် မေ ၂၈ ရက်အထိတော့ သံတွဲမြို့မှာ ဆန်ကြမ်းတအိတ်ကို ၁၃၀,၀၀၀ ဝန်းကျင်၊ ဓာတ်ဆီ ၁ ပုလင်းကို ၁၀,၀၀၀ ကျော်၊ ကြက်ဉတလုံးကို ၇၀၀ ကျပ်အထိ ဈေးမြင့်တက်နေပြီး တချို့ရောဂါတွေအတွက်ဆို ဆေးဝါးတွေပါ ပြတ်လပ်နေပြီလို့ သူက ဆိုပါတယ်။

သံတွဲမြို့နယ်ထဲက ကျေးရွာတွေမှာလည်း AA က နယ်မြေစိုးမိုးလာတဲ့အတွက် မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလာမှာ စိုးရိမ်ပြီး စစ်ကောင်စီတပ်က မြို့အဝင်အထွက်တွေကို တင်းကျပ်၊ ပိတ်ပင်လာတာလို့ ရခိုင်နိုင်ငံရေးသမားတဦး ဖြစ်တဲ့ ဦးဖေသန်းက သုံးသပ်ပါတယ်။

“မြို့အပြင်ကလူတွေက အထဲဝင်လို့ မရတော့ဘူး။ အထဲက အပြင်ထွက်လို့ မရတော့ဘူး။ အဲလို တမင်စည်းခြားလိုက်တာပေါ့။ ဒါက မြို့သိမ်းတိုက်ပွဲ နီးလာပြီဆိုရင် သူတို့ အဲလိုပဲ လုပ်တတ်ပါတယ်။ လမ်းတွေမှာရှိတဲ့ တံတားတွေလည်း ချိုးတတ်တယ်ပေါ့။ အမ်းက နည်းနည်း ဌာနချုပ်ဆိုတော့ နည်းနည်းပိုပြီးတော့ တိုက်ပွဲပြင်းထန်နိုင်တာပေါ့။ ဒါကြောင့် ကျော်ပြီးတော့ သံတွဲကို တိုက်လိုက်တယ်။ သံတွဲကိုတိုက်ပြီးတော့ သံတွဲဘက်က စစ်ကူတွေကို ဖြတ်တောက်ထားလိုက်တယ်။ ULA/AA တပ်ရဲ့ အလယ်ကို ရောက်သွားတာပေါ့။ တနည်းအားဖြင့် ဝိုင်းပတ်ပြီး ပိတ်ဆို့ပြီးသား ဖြစ်သွားတာပေါ့။ အဲလိုလုပ်တယ်လို့ ကျနော်ယူဆပါတယ်ဗျ။”

ဒါပေမဲ့ သံတွဲမြို့မှာ မေ ၂၅ ရက်ကနေ ၂၇ ရက်အထိ တိုက်ပွဲဖြစ်တာ မရှိသေးဘဲ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်တာတွေလည်း ရပ်တန့်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်ဘက်က သံတွဲမြို့နဲ့ ၁၅ မိုင်အကွာမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေကို စစ်ဘေးတိမ်းရှောင်ကြဖို့ မှာထားတယ်လို့လည်း ဒေသတွင်း မီဒီယာတွေက ဖော်ပြကြပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013