Home
အားကစား
စီရော်နယ်ဒို ဆော်ဒီပရိုလိဂ်တွင် ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ်တင်
DVB
·
May 28, 2024
CRonaldo_28052024

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မေ ၂၇ ရက် မနေ့ညက ဆော်ဒီပရိုလိဂ်ပွဲစဉ်အဖြစ် အယ်လ်နာဆာအသင်းနဲ့ အယ်လ်အစ်တီဟဒ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုး သွင်းယူပြီး အခုနှစ်ရာသီမှာ စုစုပေါင်း သွင်းဂိုး  ၃၅ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူအဖြစ် စံချိန်သစ် ထပ်တင်နိုင်ခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုဟာ မနေ့ညပွဲစဉ်မှာ  အယ်လ်အစ်တီဟဒ် အသင်းဘက်ကို ပထမပိုင်း ၄၅ မိနစ်အပြီး နာကျင်အချိန်ပိုမှာ တဂိုး၊ ဒုတိယပိုင်း ပွဲချိန် ၆၉ မိနစ်မှာ ခေါင်းတိုက်ဂိုးတဂိုး သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာ အယ်လ်နာဆာက ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

ဒီနိုင်ပွဲအပြီးမှာ အယ်လ်နာဆာအသင်းဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံးက ချန်ပီယံ အယ်လ်ဟီလာအသင်းထက် ၁၄ မှတ် လျော့နည်းခဲ့တာ ဖြစ်ပြီး တတိယနေရာက အယ်လ်အာလီကို ၁၇ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီးနောက် စီရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၆၉ ပွဲကစားခဲ့ပြီး သွင်းဂိုးစုစုပေါင်း ၆၄ ဂိုး သွင်းယူနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုဟာ သူ့ရဲ့ ၂၂ နှစ်တာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား သက်တမ်းမှာ စပေါ့တင်းလစ္စဘွန်း၊ မန်ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် အသင်းတွေမှာလည်း ပါဝင်ကစားခဲ့ပြီး စုစုပေါင်း ၇၆၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ပေါ်တူဂီနိုင်ငံလက်ရွေးစင်အသင်း အတွက်လည်း ပွဲပေါင်း ၂၀၀ ကျော် ပါဝင်ကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၂၈ ဂိုး သွင်းပေးထားပါတယ်။

Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013