မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို ပြည်သူတွေအနေနဲ့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြဖို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက မေ ၂၇ ရက်မှာ အသိပေးချက် ထုတ်ပြန်ထားပါတယ်။
မြင်းခြံလူထုလှုပ်ရှားမှု ကော်မတီဝင်တဦးက “စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက မြင်းခြံ-နဘူးအိုင် လမ်းပိုင်းပေါ်က လယ်သစ်ရွာ၊ သစ်ရုံရွာ၊ ကုက္ကဲရဲစခန်း၊ ကုက္ကဲရေကန်၊ ကုက္ကဲစက်မှုသင်တန်းကျောင်းတွေ နားမှာ ဂိတ်တွေဖွင့်ပြီး လမ်းသွားလမ်းလာ ကားတွေဆီကနေ ငွေကြေးတွေ တောင်းခံနေတယ်။ ပိုဆိုးတာက ခရီးသွားကားတွေကို ဓားပြတိုက်တယ်။ ကုန်တင်ကားသမားတွေဆီက ဖုန်း၊ ရွှေ၊ ငွေနဲ့ တခြားအဖိုးတန်ပစ္စည်းတွေကို လုယူနေပြီး ပြည်သူတွေနဲ့ PDF ကြားမှာ အထင်အမြင်လွဲအောင် လုပ်နေကြလို့ အခုလို ထုတ်ပြန်ရတာပါ” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ မြင်းခြံခရိုင် အုပ်ချုပ်ရေးအဖွဲ့က မြင်းခြံ-နဘူးအိုင်လမ်းနဲ့ မြင်းခြံ-နွားထိုးကြီး လမ်းပိုင်းတွေကို လုံခြုံရေးအခြေအနေအရ အသုံးမပြုကြဖို့ မေ ၈ ရက်မှာ သူတို့လက်အောက်က ဝန်ထမ်းတွေကို လျှို့ဝှက်ညွှန်ကြားထားပြီးနောက်ပိုင်း အခုလို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံပြည်သူတဦးက “အဲဒီလမ်းပိုင်းပေါ်မှာက စစ်တပ်ဂိတ်တွေ အများကြီးပဲ။ ဂိတ်တွေမှာရှိတဲ့ စစ်သားတွေက ကားသမားတွေဆီကနေ ငွေညှစ်တယ်။ သူတို့တောင်းတာမပေးရင် ကားတွေကို ပေးမသွားဘူး။ တချို့ကားတွေဆို ညအိပ်နေရတာတွေ ရှိတယ်။ ကားသမားတွေနဲ့ ခရီးသည်တွေ ခဏခဏ ဒုက္ခရောက်ကြတယ်” လို့ ပြောပါတယ်။
မန္တလေး-မြင်းခြံ လမ်းပေါ်မှာ မေ ၁၈ ရက်၊ ညနေပိုင်းက ခရီးသွားယာဉ်တစီးကို ကုက္ကဲရေကန်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ခရီးသွားပြည်သူတဦးဖြစ်တဲ့ မြင်းခြံမြို့က အသက် ၆၅ နှစ်အရွယ် အငြိမ်းစားဆရာမတဦး သေဆုံးခဲ့ပါတယ်။
မြင်းခြံမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားကောင်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေ မကြာခဏ တိုက်ခိုက်ခံရလို့ သေဆုံး ဒဏ်ရာရသူတွေ များပြားသလို စစ်ကောင်စီဘက်ကလည်း စစ်သည်အင်အား၊ ပျူစောထီးအင်အား တိုးမြှင့်ချထားတာတွေ၊ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ပြုလုပ်တာတွေနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို လုယူတာနဲ့ လူနေအိမ်တွေကို ရွာလုံးကျွတ် မီးရှို့တာတွေကို အရင်ကထက် ပိုမိုပြုလုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။