Home
မြန်မာသတင်း
မြောက်ခင်ရန်းရွာလူသတ်မှုအပါအဝင် စစ်ရာဇဝတ်မှုများစုံစမ်းစစ်ဆေးခွင့်ပြုရန် IIMM တောင်းဆို
DVB
·
May 28, 2024
pyuu-1522024

မြောက်ခင်ရန်းကျေးရွာလူသတ်မှုအပါအဝင် စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခွင့် ပေးဖို့ မြန်မာစစ်တပ်ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က တောင်းဆိုလိုက်ပါတယ်။

မေ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ IIMM အနေနဲ့ စုံစမ်းစစ်ဆေးနေတဲ့  ကြီးလေးတဲ့ ရာဇ၀တ်မှုမြောက်များစွာနဲ့  ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မျှဝေပေးဖို့  မြန်မာစစ်တပ်ဆီ အကြိမ်ကြိမ်တောင်းခံခဲ့ပြီး အဲဒီထဲမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ယူဆရတဲ့ ရာဇဝတ်မှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ 

ဒါပေမဲ့ မြန်မာစစ်တပ်က ဒီကနေ့အထိ တောင်းခံမှုတွေကို တစုံတရာတုံ့ပြန်ခြင်းမရှိခဲ့ကြောင်းနဲ့ အခုတခါမှာတော့ ယန္တရားအနေနဲ့ တောင်းခံမှုအသစ်တခု ပေးပို့ခဲ့ပြီး ဒီ ကြေညာချက်ကို ထုတ်ပြန်ခြင်းနဲ့  မြန်မာစစ်တပ်ဆီက တုံ့ပြန်မှုရရှိဖို့ မျှော်လင့်တယ်လို့ ဖော်ပြပါတယ်။

အခုလတ်တလော ပေးပို့လိုက်တဲ့ တောင်းခံမှုမှာတော့ မကွေးတိုင်းဒေသကြီး၊ မြောက် ခင်ရန်းကျေးရွာမှာ လူငယ် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေ မျှဝေပေးဖို့ တောင်းဆိုထားကာ အင်တာနက်ပေါ် ပျံ့နှံ့နေတဲ့ ဗီဒီယိုအရ  လက်နက်ကိုင်ထားသူတွေက လူ ၂ ယောက်ကို ကြိုးတုပ်ကာ သစ်ပင်ပေါ်က တွဲလောင်းချပြီး အောက်ခြေမှာ မီးဖိုကာ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ လူငယ် ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ အခုနှစ် ဖေ ဖော်ဝါရီလအစောပိုင်းက လူမှုကွန်ရက်ပေါ် ပျံ့နှံ့ခဲ့ပြီး ဖိုးတေနဲ့ သားထောင်လို့ မီဒီယာတွေက အမည်ဖော်ပြထားတဲ့ သူတို့ဟာ အသက်နှစ်ဆယ်ကျော်အရွယ် ယောဒေသ ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

IIMM အနေနဲ့ အဆိုပါသတ်ဖြတ်မှုကို ကျူးလွန်သူတွေ၊ သူတို့နဲ့ ဆက်စပ်တဲ့ အဖွဲ့အ စည်းတွေအပါအဝင် ဒီဖြစ်ရပ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘက်မလိုက်ဘဲ အမှီအခိုကင်းစွာ စိစစ်သုံးသပ်နေတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် စုံစမ်းစစ်ဆေးမှုရဲ့ တစိတ်တပိုင်းအနေနဲ့  ယန္တရားဟာ အဆိုပါဒေသက တပ်တွေ၊ တပ်မှူးတွေ အကြောင်းအချက်အလက်တွေ၊ လူငယ် ၂ ဦးကို ဖမ်းဆီးခဲ့ပုံနဲ့ ဆက် ဆံပုံအခြေအနေတွေ၊ ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှု ကျူးလွန်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေးဖို့ မြန်မာစစ်တပ်ဆီ တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံအတွင်း ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေး မှတ်တမ်းယူထားဖို့အတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်ကနေ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှတ်တမ်းကောက်ယူရေးအဖွဲ့ (IIMM) ကို ၂၀၁၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်က စပြီး ရခိုင်၊ ကချင်၊ ရှမ်းအပါအဝင် မြန်မာနိုင်ငံအနှံ့က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက စုံစမ်းစစ်ဆေးပြီး အမှုတွဲတွေ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းလိုက်အပြီး စစ်ကောင်စီရဲ့ အကြမ်းဖက် သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်မှုတွေဟာ နိုင်ငံတကာ ဥပဒေအရ လူသားမျိုးနွယ်တွေအပေါ် ဆန့်ကျင်တဲ့ရာဇဝတ်မှု မြောက်တယ်လို့  ဒီအဖွဲ့ရဲ့ အကြီးအကဲ  မစ္စတာ နီကိုးလပ်စ်ကွန်ဂျန်းက  DVB နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အထောက်အထားတွေ ပေးပို့ကြဖို့  IIMM က ဖိတ်ခေါ်ထားပြီး လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဟာ ကာလကန့်သတ်ချက် မရှိကြောင်းနဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ ကျူးလွန်သူ အသက်ရှင်နေသရွေ့  တရားစွဲလို့ရတယ်လို့လည်း  IIMM အဖွဲ့ အကြီးအကဲ နီကိုးလပ်စ်ကွန်ဂျန်းက DVB ကို ပြောထားပါတယ်။

စစ်ကောင်စီတပ်တွေ ပြည်သူလူထုအပေါ်ကျူးလွန်ခဲ့တဲ့ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်မှု အထောက်အထားပေါင်းများစွာကို မြန်မာလူထုက IIMM အဖွဲ့ထံ နည်းလမ်းပေါင်းစုံနဲ့ ပေးပို့ထားကြသလို  မြန်မာစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စွဲချက်တင်နိုင်ဖို့  အထောက်အကူဖြစ်စေမယ့် အချက်အလက် အထောက်အထားပေါင်း သန်းနဲ့ချီပြီး ဖေ့စ်ဘွတ်ခ်ကလည်း ပေးအပ်ထားပါတယ်။

ဒါပေမဲ့ စစ်ရာဇတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီစစ်တပ်တာဝန်ရှိသူတွေနဲ့ အပေါင်းပါတွေကို  တရားစွဲဆိုအပြစ်ပေးနိုင်ရေးအတွက်  IIMM အနေနဲ့  အခုအချိန်အထိတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013