Home
မြန်မာသတင်း
လှိုင်သာယာမြို့နယ်စည်ပင်ရုံး ဗုံးခွဲတိုက်ခိုက်ခံရ
DVB
·
May 28, 2024
hlaimg 2852024

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က နေအိမ်တွေကို ကျူးကျော်ဆိုပြီး ဖျက်ဆီးခဲ့တဲ့ မြို့နယ်စည်ပင်ရုံး မေ ၂၇ ရက် ညပိုင်းက ဗုံးခွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။

လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ၈ ရပ်ကွက်၊ မကွေးလမ်းရှိ မြို့နယ်စည်ပင်ရုံးကို မနေ့ည ၇ နာရီခွဲက အဝေးထိန်းမိုင်းနဲ့ ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Dark Shadow အဖွဲ့ ပြန်ကြားရေးတာဝန်ခံတဦးက ပြောပါတယ်။

“မနေ့က ည ၇ နာရီ ၂၃ မိနစ်က အဝေးထိန်းမိုင်းနဲ့ တကြိမ်ဖောက်ခွဲခဲ့တာပါ။ ၇ နာရီနဲ့ ၄၇ မိနစ်လောက်မှာ စကစအဖွဲ့တွေ ရောက်လာလို့ နောက်တကြိမ် ထပ်ခွဲခဲ့တာပါ။ အဓိက ပြည်သူတွေနေတဲ့ အိမ်တွေကို ကျူးကျော်ဆိုပြီး ဖျက်ဆီးခဲ့လို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။”

လှိုင်သာယာမြို့နယ်စည်ပင်ရုံး ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီအမိန့်နာခံကာ အပြင်ပဒံ ကျွန်းကြီးကျေးရွာရှိ ပြည်သူနေအိမ်၊ တိုက်တာအိုးအိမ်တွေကို မတရားသဖြင့် အနိုင်ကျင့် ဖျက်ဆီးခဲ့​တာကြောင့် အခုလို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်းနဲ့ လှိုင်သာယာမှ လူမိုက်အမည်ခံ စစ်ကောင်စီ လက်ကိုင်တုတ်တွေကိုလည်း ဆက်လက်ရှင်းလင်းသွားမှာ ဖြစ်ကြောင်း Dark Shadow အဖွဲ့ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။

လှိုင်သာယာစက်မှုဇုန်အနီး နေထိုင်သူတဦးက “သူများအသိုက်တွေ ဖျက်ဆီးခဲ့တော့ ကိုယ့်အသိုက်လည်း ပျက်စီးတာပေါ့။ ကံအကျိုးပေးတာ ဒါမျိုး။ အပြင်ပဒံကျွန်းကြီးက အိမ်တွေ ဖျက်ဆီးတုန်းက စည်ပင်က ဘူဒိုဇာနဲ့ပါဖြိုတာ ကြည့်မကောင်းဘူး” လို့ ပြောပါတယ်။

တော်လှန်ရေးအဖွဲ့က ဖောက်ခွဲခဲ့တဲ့ အဝေးထိန်းမိုင်း ၂ လုံးမှာ စည်ပင်ရုံးအပြင်ဘက် ခြံစည်းရိုးနား ပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်မှု မရှိခဲ့ကြောင်းနဲ့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက လမ်းပိတ်စစ်ဆေးတာနဲ့ ဧည့်စာရင်း စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ လှိုင်သာယာမြို့နယ်၊ အပြင်ပဒံရပ်ကွက်၊ အနော်ရထာစက်မှုဇုန် အပိုင်း ၂ ရဲ့ ကျွန်းကြီးကျေးရွာက နေအိမ် ၃၀၀ ကျော်ကို ပြီးခဲ့တဲ့ မေ ၂၄ ရက်က ကျူးကျော်ဆိုပြီး ဖျက်ဆီးခဲ့သလို တည်လက်စ စေတီတဆူကိုလည်း ဘူဒိုဇာတွေနဲ့ထိုးပြီး ဖျက်ဆီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013