တနင်္သာရီတိုင်းထဲက ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ရေဖြူမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်တွေမှာ စစ်ဘေးရှောင်သောင်းနဲ့ချီပြီး တိုးလာသလို စစ်တပ်က ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ပိုပြီး ကန့်သတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီလဆန်းပိုင်းကစလို့ ပုလောမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ ရိက္ခာသယ်ယူခွင့်ကို အဓိက ကန့်သတ်နေတာဖြစ်ပေမဲ့ နေရာအနှံ့မှာလည်း ကြုံတွေ့နေရတယ်လို့ ဒေသခံက ပြောပါတယ်။
DDMSC (Dawei) ဦးဆောင်ကော်မတီဝင် ကိုမင်းလွင်ဦးက “ထိတွေ့တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်နေတဲ့ ထားဝယ်မြို့နယ်ထဲက တချို့ဒေသတွေပေါ့ဗျာ။ အရှေ့တောဒေသတွေ ဆိုလို့ရှိရင်လည်း အဲလိုပဲ။ အခြေခံစားသောက်ကုန်တွေအပြင် စက်သုံးဆီတွေ ဘာတခုမှ သယ်လို့မရဘူးဗျ။ ဆန်တွေဆိုလို့ရှိရင်လည်း သယ်လို့မရဘူး။ အဲလိုအနေအထား ရှိတာပေါ့ဗျာ။ ကျန်တဲ့ သရက်ချောင်းတို့ ဘာတို့ဆိုရင်လည်း အဲလိုပဲဗျ။ ပုံစံတော့တူတူပဲဗျ။ တမြို့နယ်၊ တမြို့နယ် ကန့်သတ်တဲ့ဟာကလေ။ မြို့အထွက်ကနေပြီးတော့ ပိတ်တဲ့ဟာမျိုးပေါ့ဗျာ။ မြို့အထွက်ကနေပြီး ကန့်သတ်တာမျိုးပေါ့။ အဲဒါတွေ သူတို့ တောက်လျှောက်လုပ်နေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီက ကားတစီးကို ဆန်ဘယ်နှအိတ်၊ လူတယောက်ဆို ဘယ်နှပြည်ဆိုပြီး တရားဝင် စာထုတ်ကန့်သတ်တာမျိုး မဟုတ်ဘဲ ဂိတ်စောင့်စစ်သားတွေရဲ့ နှုတ်မိန့်နဲ့ ဆုံးဖြတ်တာဖြစ်တယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသတွေနဲ့ တနင်္သာရီတိုင်းထဲက တချို့နေရာတွေမှာ ကုန်ပစ္စည်းသယ်ယူခွင့်ပေါ် မူတည်ပြီး ဆေးဝါးနဲ့ အခြေခံစားသောက်ကုန်ဈေးတွေက ၂ ဆကနေ ၃ ဆအထိ မြင့်တက်လာကြောင်း ဆိုပါတယ်။
FE5Tanintharyi မှ ကိုကျော်က “တနင်္သာရီတိုင်းမှာရှိတဲ့ စစ်ဘေးရှောင်ပမာဏက ဒီလထဲမှာ တအားများလာတယ်။ ပုံမှန်အားဖြင့် စစ်ဘေးရှောင်က တနင်္သာရီတိုင်းမှာ လေးသောင်းနဲ့ ငါးသောင်းကြားလောက်ပဲ ရှိတာကနေ ဒီလထဲမှာ ခြောက်သောင်းနီးပါးအထိ ရောက်လာတယ်။ အဲလိုမျိုး စစ်ဘေးရှောင်အေရအတွက် တအားတိုးလာတဲ့ အခြေအနေမျိုးမှာ ကုန်ဈေးနှုန်းကလည်း တအားကြီးနေတယ်။ အဲလိုပြဿနာတွေ ရှိတယ်ပေါ့လေ။ အဲဒီအနေအထားမှာမှ ရိက္ခာသယ်ယူခွင့် ကန့်သတ်ခံရတဲ့ဒေသတွေ ရှိတယ်။ အဲဒီဒေသတွေက ပိုဆိုးရွားတယ်” လို့ ပြောပါတယ်။
ဒါကြောင့် တရားဝင်ဂိတ်မဟုတ်ဘဲ တခြားဝင်ပေါက်ရှိတဲ့ ဒေသတွေမှာ ဒေသခံတွေက တောလမ်းတွေကနေ ရိက္ခာသယ်နေကြပေမဲ့ စရိတ်ပိုကုန်သလို ပျက်စီးဆုံးရှုံးမှုတွေများပြီး မိုင်းနင်းမိလို့ အသက်ဆုံးရှုံးသူတွေပါ ရှိနေတယ်လို့ FE5Tanintharyi က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလထဲ တနင်္သာရီတိုင်းမှာ စစ်တပ်နဲ့ PDF တွေအကြား ထိတွေ့တိုက်ပွဲ ၇၅ ကြိမ်နဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၉ ကြိမ်အထိ ရှိခဲ့ပြီး ဒါဟာ အာဏာသိမ်းပြီးချိန်ကစလို့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးလို့လည်း ဆိုပါတယ်။
အဲဒီနောက်ပိုင်း စစ်ဘေးရှောင်တွေလည်း တိုးလာခဲ့ပြီး စစ်တပ်က ရိက္ခာ၊ ဆေးဝါးသယ်ယူခွင့် ပိုမိုကန့်သတ်လာပြီး တချို့လူသုံးကုန်ပစ္စည်းတွေဆိုရင် ပြတ်လပ်မှုတွေ ရှိလာပြီလို့ သိရပါတယ်။ ဒါ့အပြင် မိုးကျလာပြီဖြစ်လို့ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေအတွက် ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေလည်း အရေးတကြီး လိုအပ်နေပြီလို့ ပြောပါတယ်။
အလားတူ ကရင်နီ(ကယား)ပြည်နယ်မှာလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားစာနာအကူအညီတွေ ရနိုင်ဖို့ နည်းလမ်းတွေ မရှိသေးဘဲ စစ်ရှောင်စခန်းတွေမှာ ရိက္ခာနည်းပါးလာပြီလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီနဲ့ စစ်ရှောင် ကူညီနေသူတွေဆီက သိရပါတယ်။
စားနပ်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေ အတွက် လူသားချင်းစာနာမှု အကူအညီတွေကို နယ်စပ်ကနေပေးနိုင်ဖို့ နိုင်ငံတကာကနေတဆင့် ထိုင်းနိုင်ငံကို အားပေးတိုက်တွန်းမှုတွေ လုပ်နေပေမဲ့ လက်ရှိမှာတော့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ မရှိသေးဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က DVB ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်တွေဖွဲ့ပြီး ခုခံတိုက်ခိုက်မှုတွေ လုပ်ခဲ့ကာ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်ပေမဲ့ လူဦးရေ ၄ သိန်းနီးပါးထဲက ၃ သိန်းကျော်က နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အများစုဟာ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွေမှာ နေရဆဲဖြစ်သလို စစ်ကောင်စီရဲ့ လေကြောင်းကနေ အချိန်မရွေး ဗုံးကြဲမယ့် အန္တရာယ်တွေလည်း ရှိနေဆဲဖြစ်ပါတယ်။
လူသားစာနာအကူအညီတွေအတွက် ထိုင်းနဲ့ မေလထဲမှာ ညှိနှိုင်းဆွေးနွေးမှုတွေ စလုပ်နေပြီလို့ အရင်က ဆိုထားပေမဲ့ လက်တွေ့မှာတော့ တိကျတဲ့ ဖြေရှင်းနည်းတွေ မရှိသေးဘဲ ရိက္ခာပြတ်လပ်တဲ့ အခြေအနေတွေ စပြီးဖြစ်လာတယ်လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က DVB ကို ပြောပါတယ်။
စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေတာရှိပေမဲ့ အကန့်အသတ်နဲ့သာ ရှိနေတယ်လို့ သူက ဆိုပါတယ်။
ခူးပလုရယ်က “ရိက္ခာပြတ်လပ်မှု ရှိလာတယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ပါ။ ထိုင်းအစိုးရကို နိုင်ငံတကာနဲ့ အကုန်လုံးက ဝိုင်းပြီး အားပေးတိုက်တွန်းနေတယ်လို့ နားလည်ပါတယ်။ ထိုင်းဘက်ကလည်း သူတို့မူဝါဒတွေ ဒါမှမဟုတ် လူသားစာနာအကူအညီနဲ့ ပတ်သက်တဲ့ နယ်စပ်တလျှောက်မှာရှိတဲ့ တိုင်းရင်းသားနယ်မြေတွေမှာ ပေးဖို့ ကိစ္စတွေက တိကျတဲ့ ဖြေရှင်းနည်းတွေ မရှိသေးဘူးလို့ ယေဘုယျ ပြောလို့ရတယ်” လို့ ပြောပါတယ်။
ကရင်နီတော်လှန်ရေးတပ်တွေ ထိန်းချုပ်စိုးမိုးထားနိုင်တဲ့ ဒီးမော့ဆိုမှာ စစ်ရှောင်စခန်း အများစုရှိနေပြီး တစ်လေးလုံး စစ်ဆင်ရေးနဲ့အတူ လွိုင်ကော်မြို့ခံ သောင်းနဲ့ချီပြီးတော့ ရောက်လာပါတယ်။ လက်ရှိ မြေပြင်မှာတော့ စစ်ရှောင်စခန်းတွေမှာ ရိက္ခာနည်းလာတယ်လို့ ကရင်နီ ဖရီးဘားမားရိန်းဂျား ဒုတာဝန်ခံ ကိုအောင်ဇေယျက DVB ကို ပြောပါတယ်။
“ခုအခြေအနေက ရိက္ခာနည်းလာတယ်၊ သိတဲ့အတိုင်းပဲ စီးပွားရေးကျပ်တည်းလာတော့ လှူကြတာ နည်းလာတယ်။ မိုးရာသီဖြစ်တဲ့အတွက် ငှက်ဖျားဖြစ်တာ၊ သွေးလွန်တုပ်ကွေး ဖြစ်တာတွေရှိတယ်။ ဆေးဝါးဆိုင်ရာ အခက်အခဲတွေ ရှိတာပေါ့။ ဒီးမော့ဆိုမှာ စစ်ရှောင်က တစ်လေးလုံးနဲ့ ပြေးတဲ့သူများတယ်။ ဟိုးအရင်ကတည်းက ရွှေ့ပြောင်းလာကြတဲ့သူများတယ်။ ခုက ကမ့်ပ်တိုင်းက စားနပ်ရိက္ခာတွေ၊ ဆေးဝါးတွေ ခက်ခဲနေကြတာပေါ့။ ခုက မိုးရွာလို့ ရေကိစ္စ အဆင်ပြေနေတာ မိုးမကျခင်က ရေပြဿနာတွေ၊ တကိုယ်ရေသန့်ရှင်းမှုကိစ္စတွေပါ အများကြီးတွေ့ရတယ်။”
ရခိုင်ပြည်နယ်မှာလည်း နေရာအနှံ့ တိုက်ပွဲတွေ ရှိနေတာကြောင့် စစ်ဘေးရှောင် သိန်းနဲ့ချီပြီး ရှိနေတာပါ။ ULA/AA ရဲ့ ထုတ်ပြန်ချက်အရ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတင် စစ်ဘေးရှောင်အရေအတွက် ငါးသိန်းကျော်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မိုးဦးဝင်ရောက်လာပြီမို့ သိန်းနဲ့ချီရှိနေတဲ့ စစ်ဘေးရှောင်တွေဟာ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်လာပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးပြတ်လပ်မှုတွေဟာ ဆိုးဆိုးဝါးဝါးဖြစ်နေတယ်လို့ ရခိုင်နိုင်ငံရေးသမားတဦးဖြစ်တဲ့ ဉီးဖေသန်းက ပြောပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ ဘူးသီးတောင်၊ မောင်တော၊ အမ်း၊ စစ်တွေ စတဲ့နေရာတွေမှာဆိုရင် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်တအိတ်ကို ၃ သိန်းဝန်းကျင်အထိ ရှိနေပြီး တချို့နေရာတွေမှာဆိုရင် ဝယ်မရတဲ့ အခြေအနေထိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အရင်ကတော့ နယ်ကနေပြီးတော့ မြို့ကိုသွားပြီးတော့ စစ်ရှောင်ကြတာ။ အခုကတော့ မြို့သိမ်းတိုက်ပွဲဆိုတော့ မြို့ကနေပြီးတော့ နယ်တွေကို စစ်ရှောင်ကြတာပေါ့။ ဒီလူတွေက ပိုဆိုးတာပေါ့နော်။ မြို့မှာနေတဲ့သူတွေက တောကိုသွားရတယ်ဆိုတော့ အသိအကျွမ်းကလည်း မရှိ။ သူတို့နေတဲ့ နေရာတွေမှာလည်းပဲ ပြည်သူတွေက ဆင်းရဲကြတယ်။ ဆင်းရဲကြတော့ အဲဒီလူတွေကပဲ မျှဝေပြီး ကျွေးမွေးရတယ်ဆိုတော့ တော်တော့်ကို အခက်အခဲတွေ့ပါတယ်” လို့ ဦးဖေသန်းက ပြောပါတယ်။
NGO အဖွဲ့တွေအနေနဲ့လည်း လှူဒါန်းမှုတွေ မရှိသလောက်ဖြစ်နေသလို နိုင်ငံတကာ အကူအညီတွေကိုလည်း စစ်ကောင်စီက မိုခါမုန်တိုင်း ဖြစ်ကတည်းက ပိတ်ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်က ကြီးကြီးမားမား ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိုးကျလာပြီမို့ စားရေးသောက်ရေးအပြင် အမိုးအကာ လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ စစ်တွေဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
“အခက်အခဲဖြစ်နေတဲ့သူတွေက အများကြီးပဲ။ ကျမတို့ကို ဆက်သွယ်ပြီး အကူအညီ တောင်းတာတွေ ရှိပေမဲ့လည်း အခုအနေအထားအရ ကျမတို့လည်း သွားမကူနိုင်ဘူး။ အရင်ကဆို NGO တွေ ဘာတွေက ကူကြတာရှိပေမဲ့ ခုကာလမှာက ကူကယ်ရာမဲ့နေတဲ့ အခြေအနေ ဖြစ်နေတာ။”
လက်ရှိမှာတော့ ULA/AA ဘက်က သိမ်းယူထားတဲ့ မြို့တွေပေါ်ကိုလည်း ဒေသခံတွေက ပြန်နေဖို့ အခက်အခဲရှိနေဆဲဖြစ်တယ်လို့ ဦးဖေသန်းက ပြောပါတယ်။
အထူးသဖြင့် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေသလို မိုင်းရှင်းလင်းရေးတွေလည်း ဆောင်ရွက်ဖို့ရှိနေဆဲ အခြေအနေ ဖြစ်နေတာကြောင့် ပြန်ဖို့ အဆင်မပြေသေးတာလို့ ဆိုပါတယ်။ ULA/AA ကတော့ စစ်ဘေးရှောင်တွေကို ကူညီပေးဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံထားပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာသူ ၂ ဒသမ ၇ သန်းလောက်ရှိပြီး အဲဒီအထဲက ၂ ဒသမ ၄ သိန်းဟာ စစ်အာဏာသိမ်းပြီးနောက်မှာမှ အိုးမဲ့အိမ်မဲ့ စွန့်ခွာခဲ့ရတဲ့အကြောင်း UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စိုးသူအောင်/ မြတ်ကြီး/ ထက်အောင်