ကရင်နီပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သစ်တောပြုန်းတီးမှုဟာ စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိလာနေတဲ့အတွက် ထိန်းသိမ်းဖို့ လိုအပ်နေတာကြောင့် စိမ်းလန်းမြေ တောင်တန်းဒေသအဖွဲ့က ဒေသခံတွေနဲ့ ပူးပေါင်းပြီး သစ်ပင်စိုက်ပျိုးနေပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က သစ်ပင်ခုတ်လှဲ ရောင်းချတာတွေ ပြုလုပ်နေတဲ့အပြင် တောင်ယာခုတ်သူတွေကြောင့်လည်း သစ်တောပြုန်းတီးမှုတွေ ဖြစ်ပွားနေရတယ်လို့ စိမ်းလန်းမြေအဖွဲ့ကို တည်ထောင်သူ ဒေါ်တူးမေက ပြောပါတယ်။
“စစ်ကောင်စီက သစ်တွေခုတ်ပြီး ရောင်းတယ်။ သစ်တောက မရှိသလောက်ဖြစ်သွားပြီ။ အဲဒါအပြင် ဒေသခံတွေက လျှပ်စစ်မီးမရတော့ ထင်းကိုပဲ အသုံးပြုရတယ်၊ အဲဒါကြောင့်လည်း ပါတယ်။ သစ်တောပြုန်းတီးတာ အရမ်းများသွားလို့ အခုလို လုပ်ဆောင်ရတာ။”
တိုက်ပွဲတွေဖြစ်ပွားရာဒေသ ဖြစ်တဲ့အတွက် အဓိကလိုအပ်တဲ့ ပျိုးပင်တွေကို ပျိုးခြင်းနဲ့ ဝယ်ယူရရှိဖို့ အခက်အခဲများစွာရှိနေပြီး ဒေသခံတွေ အကူအညီနဲ့သာ စိုက်ပျိုးတာတွေ လုပ်ဆောင်နေရပါတယ်။
စိမ်းလန်းမြေတောင်တန်းဒေသအဖွဲ့အနေနဲ့ ဒေသခံတွေကို စည်းရုံးပြီး သဘောတူညီချက် ရယူကာ သူတို့သတ်မှတ်ပေးတဲ့နေရာမှာ CDM ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပူးပေါင်းကာ အရိပ်ရအပင်ကို အဓိကထား စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
ဒေသခံတဦးက “အခုလို သစ်ပင်စိုက်တာကို အားတက်သရော လာရောက်လုပ်ကိုင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကျမတို့ကလည်း ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဒေသခံတွေကိုလည်း ပူးပေါင်းပါဝင်စေချင်ပါတယ်” လို့ ပြောပါတယ်။
စိမ်းလန်းမြေတောင်တန်းဒေသအဖွဲ့အနေနဲ့ ၂၀၂၃ ခုနှစ် ဇွန်လကစတင်ပြီး ကရင်နီပြည်နယ်မှာ သစ်ပင်စိုက်ပျိုးတာတွေကို လုပ်ဆောင်ခဲ့ကာ သစ်ပင်ပေါင်း ၁၀,၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားရာဒေသမှာ လုပ်ဆောင်ရတဲ့အတွက် ပျိုးပင်တွေ ဝယ်ယူရရှိဖို့နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် အချိန်ကြန့်ကြာမှုတွေလည်း ရှိနေတယ်လို့ စိမ်းလန်းမြေအဖွဲ့ဝင်က ဆိုပါတယ်။
သစ်တောပြုန်းတီးမှုရဲ့ဒဏ်ကို နိုင်ငံအနှံ့မှာ ခံစားနေရတဲ့အတွက် သစ်တောတွေ ပြုန်းတီးနေတဲ့ နေရာတွေနဲ့ ပူပြင်းတဲ့နေရာတွေမှာ သစ်တောတွေ ပြန်လည်စိမ်းလန်းလာဖို့အတွက် သစ်ပင်စိုက်ပျိုးတာ ဖြစ်ပါတယ်။
လင်းအိမ်
Photo-စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့