(က)
မနက်ပိုင်း ရေနွေးကြမ်းဝိုင်းမှာ ‘တောင်ပြုံးကိုယ်တော်ကြီး’ ၏ညီဘွား ‘တပ်ပြုန်းကိုယ်တော်ကြီး’ အကြောင်းသာ ထုံးစံလို ပြောဆိုသုံးသပ်ဖြစ်ကြပါလေ၏။
အဘစောမူးသာ၊ စစ်ပြန်ကြီးအဘလုံးတုံး၊ အဘစိမ်းမောင်နှင့် စစ်ရှောင်စစ်ပြန်ကြီး အဘမောင်ဝင်းတို့၏ ဆွေးနွေးချက်များကို အဘစိမ်းမောင်က နားစိုက်နေပါ၏။
“ရခိုင်လည်း လက်လွှတ်ရတော့မယ်၊ ကချင်လည်း လက်လျှော့ရတော့မယ်၊ ကရင်နီလည်း လက်ရှောင်ရတော့မကွ”
“အဲဒါ တပ်ပြုန်းကိုယ်တော်ကြီး ကြင်စိုး သာဝ မအလရဲ့ အောင်မြင်မှုတွေပါဗျား”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
လူစုံ ထရယ်ကြတော့ အဘစိမ်းမောင် မျက်မှောင်ကြုတ်၏။ အရွှင်အဘတွေက မြင်သမျှ မြေပြင်က အခြေအနေအမှန်တွေကို ပြောဆိုနေကြလေရာ အစွန်းရောက် အစိမ်းအဘမှာ နေမထိ ထိုင်မသာ။
“လျှပ်စစ်ရထား တဲ့၊ မြေအောက်ရထား တဲ့၊ လျှပ်စစ်ကား တဲ့၊ နျူကလီးယား တဲ့၊ ဘာတခုမှ မဖြစ်မြောက်ဘဲနဲ့ အခုတခါ လာပြန်ပြီ . . ‘ဂြိုဟ်တု’ လွှတ်အုံးမတဲ့”
“သူ့ဟာသူ ရူးနေလို့ ပြောချင်ရာပြောတာကို ခွင့်လွှတ်ပေးသင့်ပါတယ် မူးသာရာ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
“အာဏာသိမ်းတာ သုံးနှစ်ကျော်ပြီ . . . ဒီကောင်လုပ်တဲ့အထဲမှာ ဘာများအောင်မြင်တာရှိလဲ”
“အေးလေကွာ . . . ဒီကောင်အာဏာသိမ်းတော့ ကမ္ဘာသိပြောခဲ့တာရှိတယ်၊ “တနှစ်ပြည့်ရင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမယ်” တဲ့၊ အခု ၃ နှစ်ကျော်လို့ ၄ နှစ်ထဲရောက်နေပြီ”
“ကျပ်မှမပြည့်တာကိုကွာ၊ စိတ်ထင်ရာကို လျှောက်လျှောက်ပြောမှာပါတဲ့ဗျား”
“ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်မှာ သူတို့အဘအတွက် မခံသာသည့်အမူအရာဖြင့် စကားဝိုင်းထဲသို့ ဝင်ချလာပါလေ၏။
“နစကဥက္ကဋ္ဌကြီးရဲ့ အောင်မြင်မှုတွေကိုကျတော့ မင်းတို့က မမြင်ချင်ယောင်ဆောင်နေကြတယ်”
“ဟေ . . . ဒင်းမှာ အောင်မြင်မှုရှိတယ်”
“အေးလေကွာ . . . မာရဝိဇယဆိုတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး ပြုံးတော်မူရုပ်ပွားတော်ကြီးကို အောင်မြင်အောင် တည်ထားနိုင်ခဲ့တယ်”
“အေးပါကွာ . . . ဒင်းရဲ့ နောက်ထပ်ေအာင်မြင်မှုတွေကို ဆက်ပြောပြပါအုံး”
“အဲ . . . ဟို . . . ဟိုဒင်း . . . ဟိုဟာ”
“နောက်တခုလောက်ပဲ ပြောပြပါကွာ”
“ဟိုဒင်း . . . ဟိုဟာ . . . ဟိုဥစ္စာကွာ”
“ဟား ဟား ဟား ဟား ဟား ဟား ဟား”
(ခ)
ကြင်စိုး သာဝ မအလ၏ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် အမှုကိစ္စများကို အဘစိမ်းမောင် ခေါင်းကုတ်ကာ စဉ်းစားနေလေသော်ငြား စဉ်းစား၍ ရဟန်မတူ။
“မင်း မေ့နေလို့ပါဟ . . မအလရဲ့အောင်မြင်မှု နောက်တခုကတော့ ၆ လတကြိမ် သက်တမ်းတိုးတာလေကွာ”
“ဟားဟား ဟားဟား ဟားဟား”
“တကယ်တော့ မအလရဲ့လက်ထက်မှာ အနာဂတ် မြန်မာပြည်အတွက် အောင်မြင်မှု အုတ်မြစ်မှုတွေဟာ အများကြီးပါစိမ်းမောင်ရာ”
“အေး . . . အဲ . . .”
“မင်းတို့က မင်းတို့အဘ မအလလက်ထက်တော်ကာလ အခြားသောအောင်မြင်မှုတွေကို ကျတော့ မမြင်ဘူးနော်”
“ဟုတ်တယ်ကွ လုံးတုံးရ . . . ငါလည်း ရုတ်တရက်ဆိုတော့ မေ့နေတာပေါ့ကွာ”
“ဟုတ်တာပေါ့စိမ်းမောင်ရာ . . မအလ လက်ထက်မှာ မြန်မာပြည်အနာဂတ်အတွက် အောင်မြင်မှု အခြေခံအုတ်မြစ်တွေဟာ သိပ်ကိုများတာဆိုတော့ ရုတ်တရက် မေ့နေတာ သဘာဝကျပါတယ်ကွာ”
အရွှင်အဘတွေက အဘစိမ်းမောင်ကို ပြောနေရင်း ဖေကြီးအား အဓိပ္ပာယ်ပါပါ ပြုံးပြကြပါ၏။ ကြင်စိုး သာဝ မအလ၏ အာဏာသိမ်းကာလ သုံးနှစ်ကျော်အတွင်းမှာ အောင်မြင်မှုတွေ များစွာပါတဲ့ခင်ဗျ။
“ဒီမယ်စိမ်းမောင် . . . မအလလက်ထက်မှာ ကျေးလက်ကလူငယ်တွေသာမက မြို့ကြီးပြကြီးတွေက လူငယ်တွေအထိ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တစ်နိုင်ငံလုံးက GZ လူငယ်တွေဟာ သေနတ်တွေ ကောင်းကောင်းပစ်နိုင်လာတယ်”
“ဟေ . . . . .”
“သေနတ်တွေ ကောင်းကောင်းပစ်တတ်ရုံသာ မကဘဲ ကိုယ်ပစ်မယ့်သေနတ်ကို ကိုယ်တိုင် တီထွင်ထုတ်လုပ်နိုင်လာကြတယ်”
“ဟမ် . . . . .”
“သေနတ်တွေ လုပ်နိုင်ရုံမကဘူး၊ မအလရဲ့ တယ်လီဖုန်းတာဝါတိုင်တွေကို ဖြိုလှဲဖြတ်တောက်ပြီး ‘စိန်ပြောင်းတွေ’ လုပ်လာနိုင်တယ်၊ ‘အမြောက်တွေ’ ဖန်တီးလာနိုင်ကြတယ်”
“အဲ . . . . .”
“အဲဒါတွေဟာ မအလလက်ထက်တော်မှာ အောင်မြင်လာတဲ့ဟာတွေပေါ့ကွ”
“ဟို . . . ဟိုဒင်း . . .”
“ဟားဟား ဟားဟား ဟားဟား”
သည့်နောက် ဆက်လက်ပြောပြသည်မှာ ဟိုစဉ်က ဖုန်းနှင့် ဂိမ်းကို ကျွမ်းကျင်စွာ ဆော့ကစားခဲ့ကြသည့် လူငယ်တွေမှာ ယခုအခါ ဖုန်းနှင့် ဒရုန်းကို ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြု၍ ပြည်သူလူထုကို ရန်ပြုနေသူမှန်သမျှ၏ ငယ်ထိပ်ပေါ်ကို ပြည်သူ့မေတ္တာလက်ဆောင် ဗုံးသီးများ အတိအကျ ချပေးနိုင်လေရာ ဒါသည်လည်း မအလလက်ထက် အောင်မြင်မှုပါတဲ့။
“တိုတိုပြောရရင် မင်းတို့အဘ မအလလက်ထက်မှာ နိုင်ငံအနှံ့က လူငယ်တွေဟာ တော်လှန်ရေးစစ်သားကောင်းတွေ ဖြစ်လာကြတယ်၊ စစ်လက်နက်ပစ္စည်းတွေကို ထုတ်လုပ်နိုင်လာတယ်၊ နောင်အနာဂတ်အတွက် ပြည်သူကိုကာကွယ်မယ့် ပြည်ပရန်ကိုတွန်းလှန်မယ့် ‘တပ်တော်’ ရဲ့ အခြေခံလူသားအရင်းအမြစ်တွေ တည်ဆောက်နိုင်ခဲ့တယ်ပေါ့ကွာ”
အဘစိမ်းမောင်မှာ ခေါင်းကုတ်ဖင်ကုတ်ဖြင့် စကားဆက်ရှာမရ။ အရွှင်အဘတွေကလည်း ချက်ကျလက်ကျ ပြောကြပါ၏။
“မင်းတို့အဘ မအလလက်ထက်မှာ နိုင်ငံ့အနာဂတ်အတွက် တိုးတက်မှုတွေကေတာ့ အံ့မခန်းပါပဲ စိမ်းမောင်ရာ”
“တော် . . . တော်တော့ကွာ . . .”
“ဝါး . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
“နောင်အနာဂတ်အတွက် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်မယ့် စစ်သည်တော်ကောင်းတွေကို မွေးထုတ်နိုင်ခဲ့ရုံသာမက နောင်အနာဂတ်မှာ ‘ကပစ’ ခေါ်တဲ့ ‘ကာကွယ်ရေးပစ္စည်းစက်ရုံကြီးတွေ’ ကိုလည်း အဲသည်လူငယ်တွေကပဲ ကိုယ့်ဟာကိုယ် ကြံဆ တီထွင် တည်ဆောက်နိုင်ကြမှာကွ”
“လုံးတုံးပြောတာ ဟုတ်တယ်ကွ၊ အခု မအလဆိုရင် လက်နက်တွေကို ရုရှားက အကြွေးနဲ့ယူလိုက်၊ တရုတ်က နေ့ပြန်တိုးနဲ့ယူလိုက်၊ အိန္ဒိယကို ပါးရက်နားရက်လုပ်ပြီး လပေးနဲ့ယူလိုက် မဟုတ်လား”
“မှန်တယ် မောင်ဝင်း . . . နောင်တချိန်မှာ အခု GZ လူငယ်တွေ တီထွင်ထုတ်လုပ်တဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို နိုင်ငံတကာက အမြဲမပြတ် မှာယူကြမှာဖြစ်လို့ ငါတို့အနာဂတ်နိုင်ငံ့ဘဏ္ဍာလည်း တဟုန်ထိုး တိုးတက်လာမှာ”
“ဒါတွေဟာ အာဏာရူးမအလရဲ့ခေတ်မှာ တိုးတက်ဖွံ့ဖြိုးလာတဲ့ ကိစ္စတွေထဲက အချို့အဝက်ပေါ့ စိမ်းမောင်ရာ”
“အဲ . . . . .”
“နောက်ထပ် တိုးတက်မှုတွေလည်း အများကြီးကို ရှိပါသေးသဗျား”
“ဟား ဟား ဟား ဟား ဟား”
မအလဟာ အခုမှ ‘စစ်မှုထမ်း’ ဖို့ လူငယ်တွေကို အတင်းအကျပ် လိုက်လံခေါ်ဆောင်နေပေမဲ့ နိုင်ငံကိုချစ်တဲ့ လူငယ်များဟာ ၂၀၂၁ ခုနှစ်ကတည်းကပဲ နိုင်ငံ့နယ်မြေဒေသအနှံ့ကို စွန့်စားထွက်ခွာပြီး ခေတ်မီစစ်ပညာတွေကို အပင်ပန်းခံကာ စနစ်တကျ သင်ယူကျွမ်းကျင်ခဲ့ကြပြီး ဖြစ်ကြောင်း ဆက်၍ပြောပါ၏။
“အဲသလို မအလရဲ့ခေတ်မှာ ကြင်စိုးရဲ့ကောင်းမှုကြောင့် အနာဂတ်အတွက် ‘ခေတ်မီတပ်တော်’ ကို ရရှိခဲ့တဲ့ အောင်မြင်မှုဟာ ဘယ့်လောက်ကြီးမားသလဲကွာ”
“ဟှူး . . . . . ဝှူး . . . . .”
အဘစိမ်းမောင်ကား တိမ်းရှောင်ချင်နေပြီဖြစ်ပြီး သူ၏မူပိုင် သက်ပြင်းရှည်ကြီးများကိုသာ ချနေပါလေတော့၏ ခင်ဗျာ။ စကားဝိုင်းမှာ နိဂုံးအပိုင်းသို့ ချဉ်းကပ်လာနေပြီ ဖြစ်ပါ၏။ အဘစောမူးသာက ဤသို့ သုံးသပ်ပါလေ၏။
“ကြင်စိုး သာဝ မအလလက်ထက်မှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကတော့ ကြောက်ခမန်းလိလိပါပဲကွာ၊ ဒီ့ထက် အကြီးမားဆုံး အောင်မြင်မှုကြီးကတော့ ဒီပွဲကြီးပြီးလို့ မအလကြီး ကျရှုံးသွားတဲ့အခါ မြန်မာ့မြေမှာ နှစ်ပေါင်း ၇၀ လောက် စွဲကပ်ခဲ့တဲ့ ‘စစ်အာဏာရှင်စနစ်’ ကြီးပါ ရာသက်ပန် ထာဝရ မြန်မာ့မြေပေါ်က ပျောက်ကွယ်သွားတော့မှာ စိမ်းမောင်ရ”
“အ . . . . .”
အရွှင်အဘတွေကား ပေါ့ပေါ့ပါးပါး ပြုံးနေကြပါ၏။ အဘစိမ်းမောင်ကား ရှုံ့ရှုံ့ကြီးဖြစ်လျက် ရေနွေးခွက်ကို ဆောင့်ချလိုက်ပါ၏။ အဘစောမူးသာက အဘလုံးတုံးကို “သီချင်းတပိုဒ်လောက်ဆိုကွာ” ဟု တောင်းဆိုလာလေရာ အဘလုံးတုံးက ပြုံးစိပြုံးစိဖြင့် ကြမ်းပြင်ကို လက်နှင့် စည်းချက်ခေါက်ကာ ခဏအကြာမှာ ဆိုချပါလေတော့သတည်း။
“အောင် မြ င် သ လေ . .
လေ ဂျ ပု ရဲ့ အ ခြေ
အ သေ အ ပြု မ ပျ က် ပေ
ဝေဟ င် ဒ ရု န်း မောင်း လို့
ထောင်း ထု ကာ နေ
မြန်မာပြည် အမှီပြုတဲ့
လူထုအားလုံး တက်ညီလက်ညီလေ”
ဖေကြီး(လေရှီး)