Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံး
DVB
·
May 28, 2024
BangladeshCycloneRemal11_28052024
BangladeshCycloneRemal10_28052024
BangladeshCycloneRemal09_28052024
BangladeshCycloneRemal08_28052024
BangladeshCycloneRemal07_28052024
BangladeshCycloneRemal06_28052024
BangladeshCycloneRemal05_28052024
BangladeshCycloneRemal04_28052024
BangladeshCycloneRemal03_28052024
BangladeshCycloneRemal02_28052024
BangladeshCycloneRemal01_28052024

ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတလျှောက် ဆိုင်ကလုန်းမုန်တိုင်း ရီမယ်လ် မေ ၂၇ ရက်က ဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး အိမ်ခြေ ထောင်ပေါင်းများစွာ၊ ပုစွန်မွေးမြူရေးခြံတွေနဲ့ မြစ်ကြောင်းကာကွယ်ရေးဆည်တွေ ရေနစ်မြုပ် ပျက်စီးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဆိုင်ကလုန်း ရီမယ်လ် သယ်ဆောင်လာတဲ့ မိုးပြင်းလေပြင်းနဲ့ အားကောင်းတဲ့ လှိုင်းလုံးတွေကြောင့် သန်းနဲ့ချီတဲ့လူတွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

ရီမယ်လ် ဆိုင်ကလုန်းမုန်တိုင်းဟာ မကြာသေးတဲ့နှစ်တွေအတွင်း တောင်အာရှနိုင်ငံရဲ့ မြေနိမ့်ကမ်းရိုးတန်းတွေကို ရိုက်ပုတ်ထုထောင်းတတ်တဲ့ မုန်တိုင်းတွေထဲမှာ ဒီနှစ်အတွက် ပထမဆုံးတိုက်ခတ်တဲ့ မုန်တိုင်းဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းက မုံးလားမြို့မှာ ကုန်းတွင်းပိုင်းကို ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် နာရီခပ်ကြာကြာ မိုးပြင်းလေပြင်းတွေဟာ အဲဒီဒေသကို မွှေနှောက် ဖျက်ဆီးသွားခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်တွေကို ပြန်ပြုပြင်နေတဲ့ လူတွေကိုလည်း တွေ့ရပါတယ်။

ဘာတိယာဂါတာ နယ်မြေမှာတော့ မြစ်ကြောင်းကာကွယ်ရေးဆည်တွေ အကြီးအကျယ် ပျက်စီးခဲ့ပြီး ရွာတွေ၊ လယ်တွေ ရေနစ်မြုပ်ကုန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း အားပျော့လာချိန်မှာ မိုးက သည်းသည်းမည်းမည်း ဆက်လက်ရွာသွန်းခဲ့တာကြောင့် ကမ်းရိုးတန်းဒေသကို ပျက်စီးစေခဲ့ပါတယ်။

စေတနာ့ဝန်ထမ်း ပိုရီတို့ရှ် ဘေပရီက “မနေ့ညက ဒီရေတက်ပြီး ရေကာတာကို လှိုင်းရိုက်ခတ်ခဲ့တဲ့ အရှိန်က နောက်ထပ် နာရီနည်းနည်းသာ ထပ်ပြီး တောင့်မခံထားနိုင်တော့ဘူးဆိုရင် ဒီရေကာတာကြီး ပွင့်ထွက်ကျိုးကျတော့မှာ ဖြစ်သလို လူတွေလည်း ရေနစ်မြုပ်ကုန်တော့မှာ” လို့ ပြောပါတယ်။

တနင်္လာနေ့က ကူးတို့သင်္ဘောနဲ့ သင်္ဘောပြေးဆွဲတဲ့ ဝန်ဆောင်မှုတွေကို ပိတ်ထားပါတယ်။ လတ်တလောနှစ်တွေအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ ဆိုင်ကလုန်း ရီမယ်လ်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024