Home
မြန်မာသတင်း
မိုးကြီး မြေပြိုမှုကြောင့် ဂန့်ဂေါ-ရေဇွာလမ်း ပျက်စီး
DVB
·
May 28, 2024
GantGaw-RayZwaLandsliding_28052024
GantGaw-RayZwaLandsliding 1_28052024
GantGaw-RayZwaLandsliding 2_28052024

ချင်းပြည်နယ်၊ ရေဇွာမြို့နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့ကို ဆက်သွယ်ထားတဲ့ ဂန့်ဂေါ-ရေဇွာ ကားလမ်းဟာ မိုးရွာသွန်းမှုများပြီး မြေပြိုတဲ့အတွက် ကားလမ်းပျက်စီးပြီး ဒေသခံတွေ သွားရေးလာရေး ခက်ခဲနေတယ်လို့ ရေဇွာဒေသခံတွေက ပြောပါတယ်။

ရေဇွာမြို့မှာ မေ ၂၄ ရက်ကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေပြီး ဂန့်ဂေါ-ရေဇွာလမ်း ၄၆ မိုင်မှာ မြေသားလမ်းပြိုကျခဲ့တာ ဖြစ်ပါတယ်။

လမ်းပျက်စီးသွားတဲ့အတွက် ဒေသခံတွေ သွားရေးလာရေး အခက်ကြုံပြီး ကုန်တင်ကား ၁၀ စီးကျော်လည်း ပိတ်မိနေတယ်လို့ သိရပါတယ်။

ရေဇွာဒေသခံတဦးက “အပေါ်က ကျောက်ခဲတွေကျတယ်၊ တခါတလေ မြေပြန်ပြန်ပြိုတယ်၊ ဘယ်မှသွားလို့မရဘူး။ ဆိုင်ကယ်လည်း သွားလို့မရဘူး။ မိုးက အဆက်မပြတ် ၃ ရက်လောက်ရွာတဲ့ အခါကျတော့ မြေတော်တော်ပြိုတယ်။ လူတောင်မှ သွားဖို့ သိပ်မလွယ်ဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း ဂန့်ဂေါ-ရေဇွာလမ်း ပြိုကျပျက်စီးခဲ့ပြီး တလနီးပါး လမ်းပိတ်ခဲ့ပါတယ်။

မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ မေ ၂၇ ရက် ည ထုတ်ပြန်ချက်မှာ ချင်းပြည်နယ်မှာ နေရာကွက်ကြား မိုးကြီးနိုင်ပြီး ရာနှုန်းပြည့် မိုးရွာသွန်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013