အာဏာသိမ်းလိုက်တဲ့အခြေအနေကို ကျမ ချက်ချင်းမသိလိုက်ပါ။ သားသမီးတွေက ချက်ချင်းကြီး မပြောတဲ့အတွက် အာဏာသိမ်းတဲ့ တိုင်းပြည်အခြေအနေကို နှစ်ရက်၊ သုံးရက်ကြာတော့မှ သိလိုက်ရတာ။
အသက်က ၅၇ နှစ်ပါ။ နာမည်က ဒေါ် ဆွေသန်း(အမည်လွှဲ)။ အိမ်သားက မျက်ကွယ်ပြုသွားတာ ဆယ်နှစ်ကျော်ပါပြီ။
မွေးထားတဲ့ သားသမီး ခုနစ်ယောက်နဲ့အတူ လယ်ယာအလုပ်တဖက်၊ တခြား အလုပ်တဖက် သားသမီးတွေနဲ့ ရင်အုပ်မကွာ ဒိုးတူပေါင်ဖက် စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်း လုပ်ကိုင်စားသောက်နေကြသူတွေ ဖြစ်ပါတယ်။
အာဏာသိမ်းပြီး နှစ်ရက်လောက်မှာ သတိထားမိတာက သားအကြီးဆုံးက မျက်နှာမကောင်းသလို အစားအသောက်ကို အရင်ကလို မစားတော့ဘူး။ ဘာများဖြစ်တာလဲပေါ့။ ဘာများဖြစ်တာလဲ သားကြီးရယ်လို့ မေးတော့ “အာဏာသိမ်းလိုက်ပြီ အမေတဲ့”၊ “အာဏာသိမ်းပြီဆို တိုင်းရေးပြည်ရေး အခြေအနေ မကောင်းတော့ဘူး” ဒီလို ပြန်တုံ့ပြန်ပါတယ်။
ငယ်ဘဝတွေထဲက အပိုင်းအစတချို့ကို ကျမ ပြန်အမှတ်ရလာခဲ့တယ်။ တချိန်က မိဘတွေအရိပ်မှာ အာဏာရှင်တွေရဲ့ လုပ်ရပ်တချို့ကိုပေါ့။
ကျမတို့ငယ်ငယ်တုန်းက လယ်ငါးဧကကို လုပ်ပါတယ်။ တောင်သူအလုပ်နဲ့ အသက်မွေးကြသူတွေပါ။ အဲဒီတုန်းက ကောင်စီခေတ်ပါ။
ကောင်စီခေတ် ဦးနေဝင်းလက်ထက်ကပေါ့။ အဲဒီတုန်းကဆိုရင် ကျမတို့က ရသမျှစပါး ဒိုင်သွင်းရတာက များတယ်။ တယောက်ကို အစိုးရက သတ်မှတ်လိုက်တာက လူတယောက်ကို စပါး ၁၃ တောင်းအပြင် မထားရဘူးဆိုပြီး ကျန်တဲ့ဟာကို ပြာတည်းပြီး ဖုန်စင်နေအောင် လုပ်ပြီးတော့ တမာတောဒိုင်၊ ဂရုမဒိုင်တွေကို လှည်းတွေနဲ့ ပို့ပေးရပါတယ်။ တယောက်မှ စပါး ၁၃ တောင်း ရတဲ့ ကျမတို့တွေရဲ့ဘဝမှာ စားဝတ်နေရေး တော်တော်လေးကို ကျပ်တည်းခဲ့ရပါတယ်။
ကိုယ့်လယ်က ရတဲ့စပါးကို ကိုယ်အပြည့်အဝ ရပိုင်ခွင့်မရခဲ့တဲ့ ခေတ်ကာလပေါ့။ ဒိုင်သွင်းရတဲ့ စပါးဆို စပါးကောင်းမှ စပါးသန့်မှ စပါးရှယ်ကိုမှ အစိုးရကို ပေးဆောင်ရတာပါ။
အဲဒီလိုမျိုးတွေ ဖြစ်လာတဲ့အခါကျတော့ ကျမတို့က ထင်းခွေတဲ့အလုပ်၊ ရက်ကန်းရက်တဲ့ အလုပ်တွေနဲ့ မိသားစု စားဝတ်နေရေးကို ဖြေရှင်းကြတာတဲ့ ကာလတခုကို ဖြတ်သန်းခဲ့ကြရတာပါ။
ဒီ့နောက်ပိုင်းမှာတော့ ခေတ်ကောင်းချိန်လေး နည်းနည်းရလာတော့ နည်းနည်းပါးပါး ချောင်လည်လာတဲ့ အခြေအနေမျိုးတွေနဲ့ ကျမတို့နည်းတူ တခြားတခြားသော ကျေးလက်ဒေသက သူတွေအဖို့ သက်သာချောင်ချိခဲ့ကြရပါတယ်။
မကြာလိုက်ပါဘူး။ အာဏာသိမ်းခြင်းဆိုတဲ့ ခေတ်ဆိုးခေတ်ကျပ်ကြီးကို ကျမ ဒီအသက်အရွယ်မှာ နောက်တကြိမ် ပြန်ကြုံတွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။
ဒီတကြိမ် ခေတ်ဆိုးခေတ်ကျပ်ကိုတော့ ကျမနဲ့ ကျမသားသမီး ခုနစ်ယောက်နဲ့အတူ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးကို ရင်ဆိုင်ကြုံတွေ့နေရပါပြီ။ အားတော့မလျှော့ပါဘူး။ အများနည်းတူ ကျမလည်း ရင်ဆိုင်ရမှာပါပဲလို့ လက်ခံထားပါတယ်။
ဒီတခါ အာဏာရှင်တွေ အမြစ်ပြတ်မှ နောက်တကြိမ် ပြန်မလာနိုင်တော့မှာ။ သားစဉ်မြေးဆက် ခေတ်ကောင်းကောင်းနဲ့ နေနိုင်သွားကြဖို့က အရေးကြီးပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူသားဆန်ခြင်းတရားကို အစအနလေးတောင် ရှာလို့မရတဲ့ အခြေအနေမျိုးမှာ တွန်းလှန်တော်လှန်ဖို့က တခုတည်းသော နည်းလမ်းတခုပဲလို့ပဲ ယုံကြည်ပါတယ်။
ကျမသားသမီး ခုနစ်ယောက်ထဲမှာ သမီးတယောက် ပါပါတယ်။ သမီးဖြစ်သူက အကြမ်းမဖက် အာဏာဖီဆန်ခြင်း CDM လုပ်လာတာ အာဏာသိမ်းချိန်ကတည်းက အခုချိန်ထိပါ။ လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှာ ကလေးတွေအတွက် ပညာသင်ကြားပေးနေသူပေါ့။
သားသမီးတွေထဲ တော်လှန်ရေးမှာ မပါတာဆိုလို့ အငယ်ဆုံး ကိုရင်လေးတပါးပဲ။ ကျန်တဲ့သူတွေက နီးစပ်ရာနယ်မြေတွေမှာ ဆိုင်ရာဆိုင်ရာတာဝန်တွေနဲ့ အာဏာရှင်ကို ကာကွယ်ပေးနေတဲ့ စစ်ခွေးတွေကို တော်လှန်နေကြသူတွေ ဖြစ်ပါတယ်။
ကျမသားအကြီးကောင် ပထမဆုံး အိမ်ကစထွက်တဲ့နေ့က ပုံရိပ်ကိုတော့ အခုထိ မျက်လုံးထဲက မထွက်ဘူး။
ကျမသား အိမ်က ထွက်တဲ့နေ့က ကျောပိုးအိတ်ကလေးကတော့ မီးခိုးရောင်လေးပါ။ အင်္ကျီလေးကတော့ အဖြူလေးပေါ့။ ပုဆိုးလေးကလည်း အကွက်ကလေး အစိမ်းကွက်လေးပါ။ (ငိုလျက်)
အထုပ်ဆွဲပြီး တော်လှန်ရေးလုပ်ဖို့ အမေဖြစ်သူကို ဦးချကန်တော့သွားပါတယ်။ သူက မိသားစုဝင်တွေထဲမှာ အကြီးဆုံးသားဖြစ်လို့ အဘိုး အဘွားတွေက အချစ်ပိုခဲ့ကြတယ်။
သူက တိုင်းရင်းဆေးဆရာ၊ ကိုဗစ်ဖြစ်တော့ ဆေးခန်းပိတ်ပြီး ကလေးတွေအတွက် စာသင်ကြားပေးတဲ့ ဆရာတဖြစ်နဲ့လည်း ရပ်တည်သူ ဖြစ်ပါတယ်။ တဖက်မှာတော့ မိသားစုအတွက် အားကိုးရသူပါ။
စိတ်ဓာတ်ကတော့ သူ့လူနာတွေကို ဆေးကုလို့ရှိရင်လည်း သူက ကျမထက်ကို သာတယ်။ ပျောက်စေချင်တဲ့ ဆန္ဒ၊ ကောင်းစေချင်တဲ့ ဆန္ဒ။ စေတနာအပြည့်ရှိတယ်။ သူ့ကြောင့် ဘယ်လူနာမှ ထိခိုက်မခံဘူး။ အဲဒီစိတ်ဓာတ်တော့ ရှိတယ်။ ကျမသားကို ကျမစိတ်ထဲ မြင်ထားတာက သူမဟုတ်ရင် မခံဘူးဆိုတဲ့ မာနတခုကလွဲရင် ကျန်တာ ဘာမှမရှိပါဘူး။ ကျမသားမို့ ပြောတာ မဟုတ်ပါဘူး။
မကောင်းတာကို မလုပ်ဖို့၊ မတရားသဖြင့် မလုပ်ဖို့၊ စိတ်ဓာတ်ကို မှန်ဖို့၊ ခေါင်းဆောင်တယောက် ဖြစ်ရင် ခေါင်းဆောင်ကောင်း ပီသအောင် လုပ်ဖို့ ဆိုတာတွေ ကျမက အမြဲတမ်း သူ့ကို ဆုံးမပေးပါတယ်။
သားအကြီးဆုံးဖြစ်သူက ဗွေဆော်ဦး အမေဖြစ်သူရဲ့ အရိပ်က စွန့်ခွာပြီး တော်လှန်ရေးမှာ ပါဝင်သွားတဲ့နောက်ပိုင်း နောက်ထပ် ညီအစ်ကိုတွေကလည်း တယောက်ပြီးတယောက် အိမ်ကနေ ထွက်ခွာပြီး တော်လှန်ရေးမှာ ပါဝင်သွားကြပါတယ်။
သားတွေက တယောက်ပြီးတယောက် အမေဖြစ်သူကို အကြောင်းကြား အသိပေးပြီး ထွက်ခွာသွားကြပေမယ့် မတားခဲ့ပါဘူး။
“ငါ့သားတွေကို ခွင့်ပြုတယ်ဆိုပြီး ကျမ အားလုံးကို ခွင့်ပြုပါတယ်။ သားတွေကလည်း အဲဒါဆိုရင် အမေ့ရဲ့ ထဘီစတွေကို သားတို့ကိုပေးပါဆိုလို့ ကျမကိုယ်တိုင် လက်မောင်းမှာ စည်းပြီးတော့ အားလုံးကို ခွင့်ပြုပြီးတော့ ဒီတော်လှန်ရေးအတွက် ကျမ နှစ်နှစ်ကာကာ ကိုယ်ရောစိတ်ရော ခွင့်ပြုလိုက်ပါတယ်။”
မြို့ ရွာတွေကို ဖျက်ဆီးနေတဲ့ အာဏာရှင်ကို တိုက်ထုတ်ဖို့၊ မတရားမူတွေကို မရှိစေချင်တော့လို့ အခုလို ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
တော်လှန်ရေးထဲမှာ ပါဝင်နေကြတာ ကျမသား ငါးယောက်ပါ။ ကျမသားတွေကလည်း ကျမရင်ထဲကနေ ခွဲပြီးတော့ အခုလိုမျိုး တောကြားမှာ တော်လှန်ရေးထဲမှာ ပါဝင်နေတယ်။ အိမ်သားကလည်း မရှိဘူးဆိုတော့ ကျမ တခါတရံမှာ အားငယ်တဲ့စိတ်တော့ ရှိတာပေါ့။
ကျမကိုယ့်ကိုယ်ကိုယ် ဘယ်လိုသတ္တိမျိုးကို မွေးလိုက်သလဲဆိုရင် အခုတော်လှန်ရေးကာလ အာဏာသိမ်းပြီး စစ်ခွေးတွေရဲ့ အန္တရာယ်ကြားမှာ နေရတာ တနေ့ကျရင် ငါ သေရမှာပဲ။ အဲဒီတော့ ငါ သေရင် သေခြင်းက နှစ်မျိုးပဲရှိတယ်။ ငါ ငါ့အတွက် ကိုယ်လွတ်ရုန်းပြီး သေမလား။ အများအတွက် တထောင့်တနေရာကနေပြီးတော့ ကူညီနိုင်တဲ့၊ စောင်မနိုင်တဲ့ စွမ်းအားနဲ့ သေမလား။ အဲဒီသေခြင်းနှစ်မျိုးမှာ ကျမ ရွေးထားတာ အများအတွက်၊ ကျမသားတွေရော ကျမရော အများအတွက် လုပ်ရင်းကိုင်ရင်း ကျမဘဝကို ပေးမှာပါ။
အားငယ်တဲ့စိတ်ကိုလည်း ကျမ ကိုယ့်ထက်ဆင်းရဲတဲ့သူတွေ ကိုယ့်ထက်အဖြစ်ဆိုးတဲ့သူတွေ မြင်နေရတာတွေ၊ ကြားနေတာတွေ ကြည့်ပါ။ တတိုင်းပြည်လုံး ကျမတို့ ဒုက္ခရောက်နေတဲ့သူတွေနဲ့ စာပြီး ကျမအားကိုတင်းပြီးတော့ ကျမတို့မိသားစုဟာ ဘာပဲဖြစ်ဖြစ် ဘယ်လိုဘဝပဲရောက်ရောက် အများအတွက်ပဲ ဖြစ်ရပါလိမ့်မယ်ဆိုတဲ့ သတ္တိကို အပြည့်မွေးပြီး ကျမ ရင်ဆိုင်ထားပါတယ်။
သားတွေ တော်လှန်ရေးမှာ ပါဝင်ကြလို့ ခြိမ်းခြောက်ပြောဆိုခံရတာတွေလည်း ရှိတာပေါ့။ တဖက်မှာလည်း ခွန်းအာပေးတဲ့သူတွေကလည်း ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားတင်း ကျော်ဖြတ်ရတာရော ကိုယ့်ကို ခွန်အားပေး ပြောဆိုသံတွေနဲ့ ရှေ့ဆက်နေသူ ဖြစ်ပါတယ်။
ကျမတို့ဆီက ပြာသိုလပြည့်နေ့မှာဆိုရင် ဘုရားပွဲ ရှိပါတယ်။ တပို့တွဲလပြည့်မှာလည်း ဘုရားပွဲ ရှိတယ်။ အာဏာမသိမ်းခင်ကမှာဆိုရင် ဘုရားပွဲတွေလည်း စည်စည်ကားကားလေး ရှိပါတယ်။
မိသားစုလည်း သွားရလာရတာ အဆင်လည်း ပြေပါတယ်။ ကိုယ် တတ်နိုင်တာလေးတွေ ဝယ်၊ ဈေးသည်တွေနဲ့ပေါ့နော်။ ဇာတ်ပွဲတွေလည်း ပါတဲ့အခါကျတော့ မိသားစု အေးအေးချမ်းချမ်း သွားလာခဲ့ကြရတာပါ။ ကလေးတွေ တပျော်တပါး သွားလာစည်ကားခဲ့ကြပါတယ်။
အာဏာမသိမ်းခဲ့ဘူးဆိုရင် ကလေးတွေကို ပျော်စရာပါးစရာလေးနဲ့ သွားနိုင်လာနိုင်ကြမှာ မလွဲပါဘူး။ အလှူအတန်းတွေမှာလဲ ဆိုင်းတွေ၊ ဘိသိက်တွေ ပါသလို ရွာလုံးကျွတ် ချက်ပြုတ် ကျွေးမွေးလှူဒါန်းကြတာပါ။ အခု ကျမတို့ ဘာတွေမှ လုပ်ခွင့်မရှိတော့ပါဘူး။ တိုင်းရေးပြည်ရေး သာယာတဲ့တနေ့ ကျမတို့ရွာလေး အရင်အတိုင်း စည်းကာလာမှာလို့ ယုံကြည်ထားပါတယ်။
မှတ်ချက်။ ။ တန့်ဆည်မြို့နယ်က တော်လှန်သူတို့ရဲ့ မိခင်တဦးနှင့် ဆက်သွယ်မေးမြန်းချက် တချို့ကို ထုတ်နုတ်ရေးသားထားခြင်း ဖြစ်သည်။