Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် နေကြာ အထွက်နှုန်းကျ၊ သဘာဝဘေးကြောင့် ကွမ်းခြံများ ပျက်စီး
DVB
·
May 28, 2024
Nay 2
Nay 1

ဧရာဝတီတိုင်းမှာ အခုနှစ် နွေစိုက်ပျိုးရာသီမှာ နေကြာတွေ အထွက်နှုန်းကျဆင်းတာကြောင့် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။

အခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီမှာ ပြည်တွင်း စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ ပြည်ပကနေ စားအုန်းဆီ တင်သွင်းရတာ လျော့ကျစေဖို့ ဆိုပြီး တောင်သူတွေကို ဆီထွက်သီးနှံ နေကြာကို တောင်သူတိုင်း မဖြစ်မနေ စိုက်ပျိုးရမယ်လို့ စစ်ကောင်စီက  ဖိအားပေး စိုက်ခိုင်းခဲ့တာလို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှ တောင်သူတယောက်က “ပြည်ပကနေ စားဆီတင်သွင်းရတာ ခက်ခဲအောက်ကျလို့ ပြည်တွင်းမှာ စားဆီများများ ထုတ်လုပ်နိုင်ဖို့ဆိုပြီး နေကြာတွေစိုက်ခိုင်းတာ။ ကိုယ့်ဒေသ မြေအနေအထား၊ ရာသီဥတု၊ ကုန်ကျစရိတ်တွေ တွက်ချက်ကြည့်တော့ အဆင်မပြေလို့ မစိုက်နိုင်ကြောင်း တင်ပြတာ မရဘူး စိုက်ခဲ့ရတာပေါ့။ အခု ပြန်ရိတ်တဲ့အချိန်မှာ တဆနှစ်ဆ လျော့ကျနေတယ်။ ရိတ်ခြွေဖိုးနဲ့ စက်သုံးဆီဖိုးတောင် မနည်းရအောင် ပြန်လုပ်နေရတယ်။ ဒီအတိုင်းဆို မိုးစပါးတောင် မလုပ်ချင်တော့ဘူး၊ လုပ်ဖို့လည်း အရင်းအနှီး ရှာရဦးမယ်။ ခါတိုင်းဆို နွေသီးနှံ ရိတ်ပြီးတာနဲ့ မိုးစပါးစိုက်ဖို့ အရင်းအနှီး သုံးနိုင်တယ်။ အခုက မသုံးနိုင်တော့ဘူး” လို့ ပြောပါတယ်။

နေကြာတွေ အထွက်နှုန်းကျဆင်းတာဟာ ဧရာဝတီတိုင်းတွင်း ဖြစ်ပွားခဲ့တဲ့ ရာသီဥတု ဖောက်ပြန်မှု တွေ အပါအဝင် ဖျက်ပိုးကိုက်ဖျက်တာ၊ ရွက်ဖျက်ပိုးကျတာ၊ နေကြာတွေ အထွက်နှုန်းကောင်းစေဖို့၊ ပိုးမွှားအန္တရာယ် မကျရောက်စေဖို့ သုံးနေကျ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ အပြည့်အဝ မသုံးစွဲနိုင်တာနဲ့ စိုက်ပျိုးနေကြာသီးနှံ အမျိုးအစား မဟုတ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဝါးခယ်မမြို့နယ်မှ တောင်သူတယောက်က “စက်သုံးဆီ လိုသလောက်မရဘူး။ ဈေးကလည်း မကျဘူး၊ မြေသြဇာဈေး မကျဘူး။ ကြေးငွေက မထောက်ပံ့တဲ့အပြင် ချေးထားတဲ့ အရင်ချေးငွေ တွေကို အတင်းတောင်းနေလို့ ဒုက္ခပတ်လည်ဝိုင်းနေတဲ့ အခြေအနေမှာ ဒါကို စစ်ကောင်စီက ထပ်ပြီး နေကြာတွေ စိုက်ခိုင်းခဲ့တာ။ စပါးက စိုက်နေကျသီးနှံဆိုတော့ အခက်အခဲ မရှိဘူးလေ။ ဆီလိုအပ်ချက်အရ စီမံချက်နဲ့ စိုက်ခိုင်းခဲ့တာ။ ဘာမှမပံ့ပိုးဘဲ လယ်သမားတွေ ဒုက္ခရောက်ချင်းမလှ ရောက်အောင် ဖန်တီးနေတာပဲ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဆီထွက်သီးနှံ နေကြာ ၁ ဧကကို ပျမ်းမျှ ၁၀ တင်းနဲ့အထက် ထွက်ရှိမှ ကုန်ကျစရိတ်နဲ့ အဆင်ပြေမှာဖြစ်ပြီး လက်ရှိမှာတော့ ဆီထွက်နေကြာ ၁ ဧကကို ၄ တင်းကနေ ၆ တင်းအထိသာ ထွက်ရှိတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် နွေသီးနှံတွေ စတင်စိုက်ပျိုးတဲ့အချိန်က နေကြာမစိုက်တဲ့ တောင်သူတွေ ကို စစ်ကောင်စီရဲ့ အမိန့်အရလို့ဆိုကာ အုပ်ချုပ်ရေးပိုင်းနဲ့ စိုက်ပျိုးရေး ဦးစီးဌာနက အစည်းအဝေးခေါ် ဒဏ်ငွေရိုက်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် လယ်သမားတွေကို သတ်မှတ်ငွေမပေးရင် ဖမ်းဆီး အရေးယူလို့ရတယ်လို့ ခြိမ်းခြောက် ခံနေတယ်လို့ သိရပြီး ဒဏ်ငွေပေးရတဲ့ လယ်သမားတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အခုနှစ် မတ်၊ ဧပြီနဲ့ မေလတွေမှာ နေအပူရှိန်နဲ့ လေပြင်းဒဏ်ကြောင့် တောင်သူ တွေ စိုက်ပျိုးထားတဲ့ ကွမ်းခြံစိုက်ခင်းတွေ သေဆုံးပျက်စီးခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

ကျိုက်လတ် ကွမ်းစိုက်တောင်သူတဦးက “နေအပူရှိန်ကြောင့်က ၂ ဧကလောက်သေခဲ့တာ။ မိုးရွာတော့ လေကပါလာပြီး ကျန်တဲ့ ၁ ဧကပါ လေပြင်းဒဏ်ကြောင့် ပြိုကျ ထပ်ပျက်စီးခဲ့တာ။ အခုတော့ ငုတ်တုတ်မေ့နေပြီး အရင်းသွင်းဖို့ ဘာပိုက်ဆံမှမကျန်ဘူး၊ စားစားသောက်သောက်နဲ့လေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ နေအပူရှိန်နဲ့ လေပြင်းဒဏ်ကြောင့် ကျိုက်လတ်၊ ဖျာပုံ၊ ပန်းတနော်၊ ဟင်္သာတ၊ ဘိုကေလး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ ဟိုင်းကြီးကျွန်း၊ သာပေါင်း စတဲ့ ကွမ်း အဓိက စိုက်ပျိုးတဲ့ ဒေသတွေက ကွမ်းခြံတွေ ပျက်စီးခဲ့တာလို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်မှ ကွမ်းစိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူတဦးက“ကွမ်းခြံက အရင်းအနှီးများတယ်၊ ကွမ်းခြံတကယ်ကောင်းမယ် ဆိုရင်လည်း အမြတ်ရတယ်။ မိသားစုနေ့စဉ် တဖက်တလမ်းကနေ ဝင်ငွေလေးရဖို့ စိုက်ခဲ့တာ။ ကွမ်းကသန့်ရှင်းရေးလည်း ကြိုက်ပါတယ်၊ ဒါ့ကြောင့်မို့ သေချာဂရုစိုက် ပြင်ဆင်စိုက်ပျိုးခဲ့တာ။ အခုတော့ ကွမ်းခြံ ၂ ခြံ ပျက်စီးခဲ့တယ်။ အခုဈေးနဲ့ မပြောသေးဘူး အရင်ဈေးနဲ့ သိန်း ၃၀ ကျော်လောက် ဆုံးရှုံးခဲ့တယ်။ သဘာဝဘေးနဲ့ တွေ့ရင်တော့ဘာမှ မခံနိုင်ခဲ့ပါဘူး”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ကွမ်းခြံတွေ ပျက်စီးမှုဒဏ်ကြောင့် ကွမ်းရွက် ၁ ပိဿာကို ငွေကျပ် ၂၀,၀၀၀ အထိ ဈေးပေါက်နေပြီး အခုလို ကွမ်းဈေးမြောက်နေပေမဲ့လည်း ကွမ်းခြံတွေ ဆုံးရှုံးခဲ့ရတာကြောင့် ကွမ်း စိုက်ပျိုးရေး လုပ်ကိုင်သူတွေအတွက် အကျိုးမဖြစ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီတိုင်းက ဒေသခံတွေဟာ ပဲသီးနှံ၊ စပါးသီးနှံတွေနဲ့ ယှဉ်တွဲကာ ငှက်ပျော၊ ငရုတ်နဲ့ ကွမ်းတွေကိုတောင်သူ တယောက်ကို ၁ ဧက ကနေ ၁၀ ဧက အထိ စိုက်ပျိုးကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - တော်ဝင်ဦး၊ MOI

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013