မြောက်ကိုရီးယားက ဂြိုဟ်တုလွှတ်တင်ဖို့ နောက်ဆုံး ကြိုးပမ်းမှုက မအောင်မြင်ခဲ့တဲ့ ကာလကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို တောင်ကိုရီးယားစစ်တပ်က မေ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
တမိနစ်စာ အဖြူ အမည်း ဗီဒီယိုထဲမှာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တုတင် ဒုံးကျည်အသစ်ဟာ ပေါက်ကွဲသွားပြီး လေထဲမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေတာကို တွေ့မြင်ရပါတယ်။
အဲဒီဗီဒီယိုကို အနောက်မြောက်ပိုင်းရှိ ကျွန်းစုတွေမှာ တောင်ကိုရီးယားရဲ့ ကင်းလှည့်ရေယာဉ်မှ စောင့်ကြည့်လေ့လာရေးကိရိယာနဲ့ ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း ပူးတွဲစစ်ဦးစီးချုပ်ရုံး (JCS) က ပြောကြားခဲ့ပါတယ်။
ပြုံယမ်းဟာ သူ့ရဲ့ ဒုတိယမြောက် သူလျှိုဂြိုဟ်တုဖြစ်လာမယ့် ဂြိုဟ်တုကို ဇွန် ၄ ရက်မှာ လွှတ်တင်ဖို့ ကြိုးစားမှာဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းရှိ တောင်ဘက်လမ်းကြောင်းမှာ ဂြိုဟ်တုကို ည ၁၀ နာရီ ၄၄ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောပါတယ်။
အသစ်တီထွင်ထားတဲ့ ဒုံးပျံအင်ဂျင်ဟာ ပျံသန်းချိန်မှာပဲ ပေါက်ကွဲသွားခဲ့တာဖြစ်ပြီး မြောက်ကိုရီးယားက သူ့ရဲ့ စစ်ရေးသုံး ကင်းထောက်ဂြိုဟ်တုအသစ် လွှတ်တင်ဖို့ ကြိုးပမ်းမှုမှာ မအောင်မမြင် အဆုံးသတ်သွားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ကနဦး ခွဲခြမ်းစိတ်ဖြာမှုအရ ပထမအဆင့် ပျံသန်းချိန်အတွင်း မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်းမှာ အသစ်တီထွင်ထားတဲ့ ဒုံးပျံမော်တာရဲ့ လောင်စာရည်ကြောင့်လို့ ဆိုထားပေမဲ့ တခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ ဒီမတိုင်ခင် မနှစ်ကလည်း မအောင်မြင်တဲ့ ဒုံးကျည်ပေါက်ကွဲမှု ၂ ခု ရှိထားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ မြောက်ကိုရီးယားဟာ သူ့ရဲ့ ပထမဆုံးသော သူလျှိုဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။
Source/Photo-Reuters