Home
မြန်မာသတင်း
ပဋိပက္ခရှောင်နိုင်ရေး AA နှင့် ရိုဟင်ဂျာခေါင်းဆောင်များ ဆွေးနွေးအဖြေရှာရန် ICG တိုက်တွန်း
DVB
·
May 28, 2024
maxresdefault

စစ်ကောင်စီတပ်ရဲ့ အဓမ္မစစ်သားစုဆောင်းတာကနေ စတင်လိုက်တဲ့ ရခိုင်ပြည်နယ်တွင်းက ပြဿနာတွေအတွက် အာရက္ခတပ်တော် (AA) နဲ့ ထင်ရှားတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေအကြား ပုံမှန်ထိတွေ့ဆွေးနွေးတာက အဖြေတခုဖြစ်နိုင်တယ်လို့ နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေးအဖွဲ့ (International Crisis Group-ICG) က ထုတ်ပြန်ပြောဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်ဆလင်အများစုနေထိုင်ရာ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တို့မှာ AA က စစ်ရှိန်မြှင့်လိုက်တဲ့အခါ မြန်မာစစ်တပ်ကလည်း ရိုဟင်ဂျာတွေကို အလုံးအရင်းနဲ့ တပ်သားစုဆောင်းလာပြီး လူမျိုးရေးတင်းမာမှုတွေ ဖန်တီးဖို့၊ AA အဖွဲ့အတွင်း တည်ငြိမ်မှုပျက်ယွင်းစေဖို့ စစ်ကောင်စီစာ ရိုဟင်ဂျာတွေကို ဖိအားပေးပြီး AA ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ကျင်းပစေခဲ့တာပါ။

အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်လိုမျိုး ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း စစ်တပ်က အချိတ်အဆက်ပြုလုပ်ခဲ့သလို AA ကလည်း ‘မြန်မာစစ်တပ် လူသစ်စုထားတဲ့ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို စစ်ကောင်စီဘက်တော်သားတွေအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်’ လို့ ကြေညာခဲ့ပါတယ်။

ဒီလို အပြန်အလှန်ဖြစ်ရပ်တွေက ရခိုင်ပြည်နယ်ထဲက လူ့အသိုက်အဝန်းတွေကြားမှာ ပြဿနာတွေကို ကြီးထွားလာစေတာပါ။

တသံတည်းထွက်တဲ့ ခေါင်းဆောင်မှုမျိုး ရိုဟင်ဂျာအသိုက်အဝန်းမှာ ရှိမနေတာက အခြေအနေကို ပိုမိုရှုပ်ထွေးစေနိုင်ပေမဲ့ AA အဖွဲ့အနေနဲ့ ပြည်ပရောက်ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ပုံမှန်ဆက်သွယ်ပြောဆိုပြီး ရခိုင်ပြည်နယ်က လူ့အသိုက်အဝန်း နှစ်ခုအကြားက ကြီးထွားလာတဲ့ မယုံကြည်မှုကို ကျော်လွှားဖို့ ကြိုးပမ်းသင့်တယ်လို့ အကြံပြုထုတ်ပြန်ပါတယ်။

Crisis Group ရဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံများဆိုင်ရာ အကြီးတန်းအကြံပေး သောမတ်စ်ကင်းက “ရခိုင်ပြည်နယ်မြောက်ပိုင်းက အခြေအနေကတော့ အတော်လေးကို စိုးရိမ်စရာအနေအထား ရောက်ရှိနေပါတယ်။ လက်ရှိအချိန်မှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲတွေဖြစ်နေပြီး လူအများအပြား နေရပ်စွန့်ခွာရတဲ့အပြင် အများပြည်သူရဲ့ အိုးအိမ်၊ စည်းစိမ်တွေပါ ဖျက်ဆီးခံရတဲ့ သတင်းတွေ စိုးရိမ်ဖွယ် ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာအသိုက်အဝန်းက ဒီပဋိပက္ခဒဏ်ကို အပြင်းအထန်ခံစားကြရပါတယ်။ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ရိုဟင်ဂျာ အရေအတွက် သောင်းနဲ့ချီရှိနိုင်ပြီး သူတို့အတွက် အကူအညီ၊ အထောက်အပံ့တွေကလည်း အနည်းငယ်သာ ရှိနေပါတယ်။ အာရက္ခတပ်တော်အနေနဲ့ ပြည်နယ်တခွင်ကနေ မြန်မာစစ်တပ်ကို တိုက်ထုတ်နိုင်ဖို့က သေချာသလောက်ရှိနေပါပြီ။ သို့သော် ဒီလိုအခြေအနေမှာ လူမျိုးရေးပဋိပက္ခ မဖြစ်ပွားအောင် အထူးဂရုပြု ကာကွယ်တားဆီးသင့်ပါတယ်။ ရခိုင်နဲ့ရိုဟင်ဂျာ နှစ်ဖက်အသိုက်အဝန်း ခေါင်းဆောင်တွေအနေနဲ့ လူမျိုးရေးတင်းမာမှုတွေ လျှော့ချဖို့ အပူတပြင်းလိုအပ်နေပါတယ်” လို့ ပြောပါတယ်။

တဖက်နဲ့တဖက် အမုန်းများစေတဲ့ ရန်စပြောဆိုမှု၊ ထုတ်ပြန်ချက်တွေကို ရှောင်ကြဉ်ဖို့ လိုအပ်သလို AA အနေနဲ့ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ပြည်နယ်အတွင်းက လူ့အသိုက်အဝန်းအားလုံးကို ကျောသား၊ ရင်သား မခွဲခြားဘဲ ကူညီထောက်ပံ့ပြီး ကာကွယ်ပေးဖို့ လိုအပ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ဒါ့ပြင် အာရက္ခတပ်တော်ဟာ သူ့တပ်ဖွဲ့ဝင်တွေပါဝင်ကြောင်း လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဖော်ထုတ်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတရပ် ခွင့်ပြုသင့်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင် အဖွဲ့တွေရဲ့ လူသစ်စုဆောင်းမှုကို တားမြစ်ဖို့ လိုအပ်ပါတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေကို ရခိုင်ပြည်နယ်မှာသာမက ဘင်္ဂလားဒေ့ရှ် ရောက်‌နေတဲ့ ရိုဟင်ဂျာအများစုကပါ မထောက်ခံကြတဲ့အပြင် သူတို့ရဲ့လုပ်ရပ်တွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခကို မီးလောင်ရာလေပင့်သလိုသာ ဖြစ်စေပါတယ်။ လက်ရှိတင်းမာမှုတွေကနေ ပဋိပက္ခမီးအဖြစ် ကူးစက်ပေါက်ကွဲမယ့် အဖြစ်ကို ရှောင်ရှားဖို့အတွက် အာရက္ခတပ်တော်နဲ့ ရိုဟင်ဂျာအရပ်ဘက်အဖွဲ့အစည်း ခေါင်းဆောင်တွေအကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပါတယ်” လို့ သောမတ်စ်ကင်းက ပြောပါတယ်။

မြန်မာအစိုးရအဆက်ဆက် ငြင်းပယ်ခဲ့တဲ့ အခွင့်အရေးတွေကို ရိုဟင်ဂျာတွေကို ပြန်လည်ခံစားခွင့်ပြုမယ်လို့ အာမခံသင့်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ အတားအဆီးမရှိ ကူးသန်းရောင်းဝယ် စီးပွားလုပ်ကိုင်ခွင့်နဲ့ မရှိမဖြစ်လိုအပ်တဲ့ ပြည်သူ့ဝန်ဆောင်တွေ ခံစားခွင့်တို့ကို ပေးအပ်မယ်လို့ ကတိပြုပြီး ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သင့်တယ်လို့ ICH က ထုတ်ပြန်အကြံပြုပါတယ်။

ပြီးတော့ ရိုဟင်ဂျာကျေးရွာတွေကို အကာအကွယ်ယူပြီး မြန်မာစစ်တပ်ကို တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးကိုလည်း ရှောင်ကြဉ်သင့်သလို အောက်ခြေတပ်ဖွဲ့ဝင်တွေ လိုက်နာရမယ့် စစ်သည်ကျင့်ဝတ်တွေကို ရှင်းရှင်းလင်းလင်းထုတ်ပြန်ပြီး AA တပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက် ပြစ်မှုကျူးလွန်ကြောင်း ယုံကြည်ရလောက်တဲ့ စွပ်စွဲချက်တွေ ထွက်လာရင် မဆိုင်းမတွ စုံစမ်းစစ်ဆေး၊ ပြစ်မှုထင်ရှားရင် ကျူးလွန်သူတွေကို ရှင်းလင်းပြတ်သား၊ ပွင့်လင်းမြင်သာစွာနဲ့ ကျူးလွန်တဲ့အမှုနဲ့ အချိုးကျတဲ့ ပြစ်ဒဏ်တွေ ချမှတ်သင့်တယ်လို့ ဆိုပါတယ်။

၂၀၁၇ မှာ ရိုဟင်ဂျာတွေအပေါ် စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာ အသိုက်အဝန်းက ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လာရင် မျက်စိဒေါက်ထောက် စောင့်ကြည့်နေပြီး တင်းတင်းကျပ်ကျပ် အရေးတယူဆောင်ရွက်နေတာကို AA အဖွဲ့က သတိပြုသင့်ပြီး နိုင်ငံတကာရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုတွေမှာ AA တပ်ဖွဲ့ဝင်တွေ ပါဝင်ကျူးလွန်တာ ပေါ်ပေါက်ရင် AA အဖွဲ့ဟာ သူ့ထိန်းချုပ်နယ်မြေအတွင်းက ရိုဟင်ဂျာအသိုက်အဝန်းနဲ့ သာမက အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအသိုက်အဝန်းနဲ့ပါ မျက်နှာပျက်ကိန်း ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

လတ်လော ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး  ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းတွေရဲ့ ပြောဆိုချက်တွေဟာ အခြေအမြစ် မရှိသလို တဖက်သတ်ဆန်တဲ့ စွပ်စွဲပြောဆိုမှုတွေ ဖြစ်တယ်လို့  အာရက္ခတပ်တော်(AA)က တုံ့ပြန်ပြောကြားထားပါတယ်။

AA ပြောရေးဆိုခွင့်ရှိသူ  ခိုင်သုခက "ဒါဟာ မှန်ကန်မှုမရှိပါဘူး။ အခြေအမြစ်မရှိတဲ့ လုပ်ကြံ ဖန်တီးသတင်းတွေပေါ်မှာ အခြေခံပြီးတော့ သူတို့ ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဖို့အတွက် တဖက်သတ် စွပ်စွဲပြောဆိုနေကြတာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ချက်တွေဟာ တရားမျှတမှုလည်း မရှိသလို ဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့အတွက်လည်း အထောက်အကူမဖြစ်နိုင်ပါဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့် လေ့လာရေးအဖွဲ့ (ICG)ကတော့  AA နဲ့ ရိုဟင်ဂျာ နှစ်ဖက်ခေါင်းဆောင်တွေအကြား ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ကူညီပံ့ပိုးပေးသင့်ပြီး AA အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို လာမယ့်အနာဂတ် အချိန်ကာလ အတိုင်းအတာတခုအထိ ထိန်းချုပ်နိုင်ခြေအလားအလာ အလွန်ကောင်းမွန်တာကြောင့် အဲဒီလို ပံ့ပိုးပေးတာက ဒုက္ခသည်အရေးကိစ္စ တဖက်တလမ်းက ဖြေရှင်းရာလည်း ရောက်တယ်လို့ ဆိုပါတယ်။

AA အနေနဲ့လည်း စစ်မျက်နှာပြင်မှာ အောင်မြင်ဖွယ်ရှိပြီး စစ်ပွဲအလွန်ကာလမှာ ထိန်းချုပ်နယ်မြေကို တည်ငြိမ်အေးချမ်းစေလိုလျှင် လိုအပ်တဲ့ ရေခံမြေခံတွေကို အခုကတည်းက ဂရုတစိုက် စတင်ဖန်တီးသင့်နေပြီလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် တင်းမာမှုတွေ ဖန်တီးတဲ့ လက်သည်တရားခံဟာ မြန်မာစစ်တပ်ဖြစ်တာ အငြင်းပွားဖွယ်မရှိသလို အဲဒီစစ်တပ်ကပဲ တင်းမာတာတွေ ပြေလျော့သွားအောင်လုပ်နိုင်ပေမဲ့ အဲဒီလို လုပ်ဖို့တော့ မမြင်ဘူးလို့ ICG က ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024