ဂါဇာက ဒုက္ခသည်တဲစခန်းကို လေကြောင်းက တိုက်ခိုက်မိတာဟာ ဝမ်းနည်းစရာအမှား ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဝန်ခံလိုက်ပါတယ်။
လူ ၄၅ ဦးထက်မနည်း သေဆုံးစေခဲ့တဲ့ ဖြစ်စဉ်အတွက် နိုင်ငံတကာက ဝိုင်းဝန်းရှုတ်ချနေကြပေမဲ့ စစ်ပွဲကို ဆက်တိုက်သွားမယ်လို့လည်း နေတန်ယာဟုက ပြောကြားခဲ့ပါတယ်။
လူရာနဲ့ချီပြီး ဆိုးရွားမီးလောင်ဒဏ်ရာ၊ ကျိုးပဲ့၊ ကွဲရှ ဒဏ်ရာတွေလည်း ရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
ရည်မှန်းချက်တွေအားလုံး မအောင်မြင်ခင်မှာ စစ်ပွဲအဆုံးသတ်ဖို့ မရည်ရွယ်ဘူးလို့ နေတန်ယာဟုက အစ္စရေးလွှတ်တော်မှာ မိန့်ခွန်းပြောခဲ့ပါတယ်။
အစ္စရေးဟာ အရပ်သားတွေကို ကာကွယ်ဖို့ ဖြစ်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဟားမတ်စ်က ဖမ်းဆီးထားတဲ့ ဓားစာခံတွေရဲ့ မိသားစုတွေက အော်ဟစ် နှောင့်ယှက်တဲ့အတွက် မိန့်ခွန်းပြောကြားမှုဟာ ပြတ်တောင်းပြတ်တောင်း ဖြစ်ခဲ့ရပါတယ်။
ဝန်ကြီးချုပ်ဟာ ဓားစာခံလွတ်မြောက်ရေး အားစိုက်မလုပ်ဘူးလို့ ဝေဖန်ခံနေရပြီး ပြည်တွင်းမှာလည်း အကြီးအကျယ် ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခု အစ္စရေးတိုက်ခိုက်မှုကို နိုင်ငံတကာအဖွဲ့အစည်းတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
ရာဖာမှာ ထိုးစစ်ရပ်ဖို့ ကမ္ဘာ့တရားရုံးလို့ခေါ်ကြတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အမိန့်ကို လေးစားလိုက်နာဖို့ ဥရောသမဂ္ဂက တောင်းဆိုထားပါတယ်။
တနင်္ဂနွေနေ့က တိုက်ခိုက်မှုဟာ ဆိုးရွား ကြောက်မက်ဖွယ် ဖြစ်တယ်လို့ EU နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက်ဖ် ဘော်ရဲလ်က ဝေဖန်ပါတယ်။
ဟားမတ်စ်တပ်မှူး ၂ ယောက်ကို ချေမှုန်းဖို့ တိုက်တယ်လို့ ပြောပေမဲ့ ရွှေ့ပြောင်းတွေအတွက် နေရာချပေးထားတဲ့ တဲတွေကို ပစ်မှတ်ထား တိုက်ခဲ့တာ ဖြစ်တယ်လို့ ပါလက်စတိုင်း လခြမ်းနီအဖွဲ့က ထုတ်ပြန်ပါတယ်။
Source/Photo-Reuters