အားပျော့သွားပြီဖြစ်တဲ့ ဆိုင်ကလုန်းမုန်တိုင်း ရီမေလ် (Remal)ရဲ့ အကြွင်းအကျန်တွေ မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေဆီကို ဝင်ရောက်နိုင်ပြီး မိုးကြီးနိုင်သလို မိုးသက်လေပြင်းတွေလည်း ကျရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။
မေ ၂၆ ရက်က ဘင်္ဂလားပင်လယ်အော်ထဲမှာ ဖြစ်ပွားခဲ့တဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ရီမေလ်က မေ ၂၈ ရက်မနက် ၁၀ နာရီ တိုင်းထွာချက်တွေအရ ပျက်ပြယ်ပြီး အားပျော့တဲ့ မုန်တိုင်း အဖြစ် ရောက်ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။
မုန်တိုင်း ရီမေလ်အကြွင်းအကျန်တွေက ဘင်္ဂလားပင်လယ်အော်ကတဆင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေကို ဝင်ရောက်လာပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။၊
အိန္ဒိယ၊ ယူကေ၊ ဩစတြေးလျမိုးလေဝသဌာနတွေနဲ့ အေအိုင် မိုးလေဝခန့်မှန်းချက်တွေအရ မေ ၂၉ ရက် မနက် ၆ နာရီဝန်းကျင်အချိန်မှာ မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ် တနိုင်းမြို့ ပတ်ဝန်းကျင်ကို မုန်တိုင်း အကြွင်းအကျန်တွေ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်းကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က လေ့လာသုံးသပ်ပြီး ပြောပါတယ်။
“မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်တွေက အဲဒီအချိန်တွေမှာ စစ်ကိုင်းတိုင်းအထက်ပိုင်း ကချင်ပြည်နယ်၊ ချင်းပြည်နယ် အဲဒီနေရာတွေမှာ မုန်တိုင်းအကြွင်းအကျန်တိမ်တွေ ဝင်လာဖို့ ရှိတာပေါ့။ လေတိုက်နှုန်းကတော့မများပါဘူး။ တနာရီမှ မိုင် ၂၀ လောက်ပဲ ရှိတယ်။ ဒါပေမဲ့ gust wind လို့ ခေါ်တဲ့ ရုတ်တရက်ဆောင့်ပြီး တိုက်တဲ့လေကတော့ တနာရီကို မိုင် ၃၀၊ ၃၅ မိုင်တော့ ရှိနိုင်တယ်။ မိုးသည်းထန်မယ်။ အဲဒီအနေအထား ဖြစ်ဖို့တော့ရှိပါတယ်။ တနိုင်းမြို့အနောက်ဘက် မိုင် ၅၀ ပတ်ဝန်းကျင်အထိကို ရောက်လာမယ်လို့ သူတို့ကတော့ နေရာအတိအကျ ထုတ်ပြန်ပေးထားတယ်။”
အနောက်တောင်မုတ်သုံလေက ကုန်းတွင်းပိုင်းထိ ဝင်ရောက်နိုင်ပြီး ရန်ကုန်နဲ့ ပဲခူးတိုင်းအပါအဝင် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ် စတဲ့ ဒေသတွေမှာလည်း မိုးသက်လေပြင်းတွေ ကျရောက် နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက မေ ၂၈ ရက်မှာ ထုတ်ပြန်ထားပါသေးတယ်။
“မိုးသက်လေပြင်းကျနိုင်တဲ့ အခြေအနေရှိပါတယ်။ အနောက်တောင်မုတ်သုံလေဆိုတာက ဘင်္ဂလားပင်လယ်အော်ကြီးထဲမှာ အနောက်တောင်ဘက်ကနေပြီးတော့ ရခိုင်ရိုးမဆီကိုလည်း ဦးတည်ပြီးတိုက်တယ်၊ မြောက်ဘက်တောက်လျှောက် ဧရာဝတီမြစ်ရိုးတလျှောက် ပဲခူးရိုးမနဲ့ ရှမ်းကုန်းပြင်မြင့်ကြားက မြေပြန့်တလျောက် ပဲခူးရိုးမနဲ့ ရခိုင်ရိုးမကြားထဲက မြေပြန့်ဒေသ တလျှောက် မြောက်ဘက်ကို လေပြင်းတိုက်တာတွေ ဖြစ်တယ်။ ဒါကြောင့်မို့ လေပြင်း အနေအထားကတော့ တနာရီမိုင် ၁၀၊ ၂၀ ကနေ ရုတ်တရက် ဆောင့်တိုက်တဲ့ လေပြင်းက ၃၀ ထိ ဖြစ်နိုင်တဲ့ အခြေအနေထိရှိ ပါတယ်။ အဲဒီမှာ မိုးတိမ်တွေလည်း ပါလာလို့ မုတ်သုံမိုးတွေလည်း ရွာမယ်ဆိုရင် မိုးသက်လေပြင်းကျတယ်ဆိုတဲ့အနေအထားမျိုးဖြစ်သွားတာပေါ့။”
မေလကုန်ပိုင်းကစလို့ မိုးရာသီ မုတ်သုံကာလကို ရောက်ပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေများတဲ့ ဒေသတွေမှာလည်း လိုအပ်တွေ အများကြီး ရှိနေတယ်လို့ သိရပါတယ်။
မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်မှုတွေ ကြုံရနိုင်တဲ့ စစ်ကိုင်းအထက်ပိုင်းကဒေသတွေမှာလည်း နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီနေသူ တဦးက ပြောပါတယ်။
“အခု မိုးဝင်တော့မှာဆိုတော့ မိုးဝင်ရင် ရွှေ့ပြောင်းစစ်ရှောင်တွေအနေနဲ့ ဘယ်လိုရှိလဲဆိုတော့ တချို့နေရာတွေမှာက စခန်းတွေ ရှိတယ်ဗျ။ သက်ဆိုင်ရာ တာဝန်ယူနိုင်တဲ့ရွာတွေကတော့ စစ်ရှောင်စခန်းတွေ ဆောက်ပေးပြီးတော့ တာဝန်ယူထားတာ ရှိတယ်။ တချို့ကတော့ မူးဘောင်ဘေးနားမှာ၊ မူးဘောင်ဆိုတာ လမ်းဘေးနားမှာ တဲလေးထိုးပြီး နေတဲ့သူတွေ ရှိတယ်။ တချို့ နေစရာမရှိတဲ့သူတွေ ရှိတယ်၊ အဲဒီလူတွေကတော့ သူတို့အတွက် လိုအပ်ချက်တွေ အများကြီးရှိတာပေါ့။ မိုးကာလိုတယ်၊ တဲတွေလိုတယ်၊ အဲဒီလို လိုအပ်ချက်တွေတော့ အများကြီး ရှိတယ်။”
မေလကုန် ၃၀ နဲ့ ၃၁ ရက်မှာတော့ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ကာ မြန်မာတနိုင်ငံလုံးအနှံ့ မိုးရွာသွန်းနိုင်ပြီး ဇွန်လ အစပိုင်းကတည်းက ရွာနိုင်တဲ့ မိုးက ဇွန်လလယ်ထိ ဆက်တိုက် ရွာသွန်းနိုင်တယ်လို့ သိရပါတယ်။
မေ ၂၈ ရက်ကစလို့ ကုန်းတွင်းပိုင်းဒေသတွေမှာ မိုးတိမ်တောင်ဖြစ်ထွန်းမှု အားကောင်းနေပြီး မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေနိုင်တဲ့အတွက် ကြိုတင်သတိပြုကြဖို့ကိုလည်း မိုးလေဝသဌာနတွေက ထုတ်ပြန်ထားပါတယ်။
ဝေဝေ