Home
မြန်မာသတင်း
တီးတိန်တာဝါတိုင်စခန်းနှင့် ရေဦးစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရ၊ ပခုက္ကူတိုက်ပွဲ၌ PDF ရဲဘော် ၁ ဦးကျဆုံး
DVB
·
May 28, 2024
tee 7
tee 6
tee 5
tee 4
tee 3
tee 2
tee 1

ချင်းပြည်နယ်၊ တီးတိန်မြို့ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ ဦး ဖမ်းမိထားပြီး မြို့ပေါ်ရပ်ကွက်တွေကို စစ်တပ်က မီးရှို့နေတယ်လို့ တီးတိန်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

မေ ၂၇ ရက် မနက် ၄ နာရီခွဲမှာ တီးတိန်မြို့ မြို့မရပ်ကွက်က မိုက်ခရိုတာဝါတိုင်စခန်းကို PDF-Zoland ဦးဆောင်တဲ့ ချင်းညီနောင်တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မနက် ၉ နာရီမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ ဦးကို အရှင်ဖမ်းမိထားပြီး မေ ၂၇ ရက် တနေ့တည်း လေကြောင်းတိုက်မှု အကြိမ် ၂၀ နီးပါး လုပ်ခဲ့တယ်လို့ PDF Zoland ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“သူတို့တပ်စွဲထားတဲ့ မိုက်ခရိုတာဝါတိုင်စခန်းကို ဝင်သိမ်းတာပါ။ အဲဒီမှာက အင်အား ၂၀ လောက်ရှိတယ်။ စစ်သား ၉ ယောက် ဖမ်းမိထားပါတယ်။ PDF-Zoland ကနေ ဦးဆောင်ပြီး ချင်းညီနောင်အနေနဲ့ ဝင်တိုက်တာပါ။ လေကြောင်းက တအားများတယ်၊ အကြိမ် ၂၀ နီးပါးလောက်ရှိတယ်။ စခန်းသိမ်းချိန်မှာလည်း လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။”

လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုအတွင်း အသက် ၄၀ အရွယ် ကိုယ်ဝန်ဆောင် ဒေါ်မန်လိမ့်ဝုန် သေဆုံးခဲ့သလို မေ ၂၇ ရက် ညနေ ၃ နာရီကစပြီး တီးတိန်မြို့ မြို့မရပ်ကွက်က လူနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဆိုပါတယ်။

တီးတိန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက “မြို့မရပ်ကွက်ကို မီးရှို့နေတယ်။ ကြားသိထားရသလောက်တော့ ၅ အိမ်ရှိပြီ၊ ထပ်ရှို့နေတော့ အရေအတွက်က အတိအကျပြောလို့ မရသေးဘူး။ လက်နက်ကြီးထိလို့ ကိုယ်ဝန်ဆောင်မိခင် တဦးလည်း ဆုံးသွားတယ်” လို့ ပြောပါတယ်။ 

တိုက်ပွဲကြောင့် တီးတိန်မြို့ပေါ် ရပ်ကွက်တွေက လူဦးရေ ၁၀,၀၀၀ နီးပါး တီးတိန်မြို့နယ်ထဲက ကျေးရွာတွေဘက်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနောက်ထွက် ရွှေကြီးမင်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မေ ၂၇ ရက် ညနေ ၅ နာရီလောက်က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ရေဦးဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

အဆိုပါ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ ရေဦးမြို့ပေါ် ဈေးဝယ်လာတဲ့ ပြည်သူတွေ၊ ခရီးသွား မော်တော်ကားတွေကို စစ်ဆေးဖမ်းဆီးပြီး ငွေကြေးကောက်ခံနေတဲ့ စစ်ဆေးရေးဂိတ်တခု ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရဲ့ IO ဗိုလ်တိုးကြီးက “ကျနော်တို့ မနေ့က ရေဦးမြို့ အနောက်ဘက်အထွက် စစ်ကောင်စီတပ်သားတွေ ဂိတ်ဖွင့်တပ်စွဲထားတဲ့ ရွှေကျီးမင်းဂိတ်ကို Fixed Wing Drone နဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်ဗျ။ ဒရုန်းယာဉ်က ၂ စီးသုံးပြီး ဗုံးသီးက ၄ လုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိ မရှိကိုတော့ စုံစမ်းနေဆဲပါ” လို့ DVB ကို ပြောပါတယ်။

ဒရုန်းချတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရေဦးဒေသခံ ပြည်သူတဦးက “အနောက်ထွက်ဂိတ်မှာတော့ ဗုံးပေါက်ကွဲတဲ့အသံ ကြားရတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာ။ ကျနော်တို့ အရပ်သားအမြင်ကတော့ အာဏာရှင် ကျဆုံးရေးအတွက် တိုက်ခိုက်နေတဲ့ လူတိုင်းကို အထူးလေးစားတယ်။ အခုလို ဗုံးသီးချ တိုက်ခိုက်လို့ စစ်ကောင်စီဘက်က လာသမျှ ပြည်သူတွေကို စစ်ဆေးတာတွေ လုပ်နေတယ်။ အဲဒီလို စကစကလုပ်လို့ ပြည်သူတွေ တခြားလမ်းဘက်ကနေ ရှောင်ကွင်းသွားနေကြရတယ်” လို့ ပြောပါတယ်။

ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ဒရုန်းတပ်ဟာ ရေဦးမြို့ပေါ်က စစ်ကောင်စီ အထိုင်စခန်းတွေကို အကြိမ်ကြိမ် ဒရုန်းနဲ့ တိုက်ခိုက်နေတဲ့အဖွဲ့ ဖြစ်သလို ဒေသတွင်း ပြည်သူထောက်ခံမှု ရရှိထားတဲ့ အဖွဲ့တဖွဲ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဖလံအိုရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ကင်းစခန်းကို မေ ၂၆ ရက် မနက် ၆ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက် တိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ Young Force UG ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတချို့ ဒဏ်ရာရရှိသွားပြီး သေဆုံးသူရှိနိုင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် တနာရီလောက်အကွာမှာ စစ်ကူတွေလိုက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

ရဲဘော်တွေ ပြန်ဆုတ်နိုင်အောင် ကာပစ်ပေးခဲ့တဲ့ အမှတ် ၈၁၅ PLA တပ်ဖွဲ့ရဲ့ နိုင်ငံရေးမှူး ရဲဘော် ထွန်းနိုင်ဟာ ဦးခေါင်းကို ကျည်ဆန်ထိမှန်ပြီး ကျဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို Young Force UG၊PLA၊ သူရိန်တပ်ဖွဲ့၊ PUF၊ Black Cheetah၊ Pakokku Ranger၊ တာတေကြီး၊ ရွှေညာမြေနဲ့ ပခုက္ကူ၊ မြိုင်၊ ပေါက်မြို့နယ်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေမှာ ထိခိုက်သေဆုံးတဲ့ အခြေအနေကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လေ့မရှိသလို DVB ကလည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013