ကချင်ပြည်နယ်၊ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသား ၁၃ ဦးကို စစ်ကောင်စီက ထပ်တိုး ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ပါတယ်။
အဆိုပါ အကျဉ်းသားတွေဟာ ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းသား ၃၃၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာမှာ မြစ်ကြီးနားအကျဉ်းထောင်က အနည်းငယ်သာ လွတ်မြောက်ခဲ့တာကြောင့် လွတ်ငြိမ်းချမ်းသာခွင့် တရားမျှတမှု မရှိတဲ့အပေါ် ဆန္ဒပြခဲ့ကြသူတွေဖြစ်ပါတယ်။
အမိန့်ချမှတ်ခြင်းခံရသူတွေထဲမှာတော့ ပုဒ်မ ၁၉(က)နဲ့ ၁၉(င) တို့နဲ့ ထောင်ဒဏ် ၅ နှစ် ၃ လ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထွန်းမြင့်အောင်၊ ကိုကောင်းစံဟိန်း၊ ကိုချမ်းမင်းမင်းနဲ့ ပုဒ်မ၅၂(က)နဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ကိုအောင်ကျော်ဇင်၊ ကိုအာကာစိုးစံ တို့အပြင် တခြားအကျဉ်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဧပြီ ၁၈ ရက်၊ နှစ်ဆန်းနှစ်ရက်နေ့ ညနေ ၄ နာရီမှာ မြစ်ကြီးနားအကျဉ်းထောင် အဆောင် ၆ နဲ့ ၇ က တခြားရာဇဝတ်အကျဉ်းသားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆန္ဒပြခဲ့ကြပြီး အဆိုပါ ဆန္ဒပြမှုဖြစ်စဉ်ကို ရပ်တန့်တားဆီးဖို့ အကျဉ်းထောင် ဗဟိုကင်းမှ G-3 သေနတ်နဲ့ ပစ်ခတ်ခဲ့သလို အုတ်ရိုးမျှော်စင်အမှတ် ၃ နဲ့ ၄ တို့က ကာဘိုင်သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့ပါတယ်။
အဆိုပါ ပစ်ခတ်မှုကို အဓိက အမိန့်ပေးစေခိုင်းသူမှာ ညွှန်ကြားရေးမှူး ဦးကျော်စိုး ဖြစ်ပြီး သေနတ်နဲ့ ပစ်တဲ့သူတွေထဲမှာ တပ်သား ဇော်ဇော်မိုးတို့ ပါဝင်ခဲ့ကြောင်း PPNM က စုံစမ်းဖော်ထုတ်သိရှိထားတယ်လို့ ဆိုပါတယ်။
ဆန္ဒပြမှုအတွင်း စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် အနည်းဆုံး အကျဉ်းသား ၄ ဦး သေဆုံးခဲ့ရပြီးတော့ ၁၅ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကာ ဒဏ်ရာရသူတွေထဲ အသက်အန္တရာယ် စိုးရိမ်ရသူတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ထောင်တွင်း အကြမ်းဖက်ဖြိုခွင်းပြီး ၁၁ ရက်အကြာ ဧပြီ ၂၉ ရက်မှာတော့ ထောင်တွင်း ဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အဆိုပါ အကျဉ်းသား ၁၃ ဦး ကို ထောင်ပြင်ပ မြို့နယ်တရားရုံးဆီ လူမသိသူမသိ ခေါ်ထုတ်ပြီးနောက် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)၊ ၆၆(ဃ) တို့နဲ့ ထောင်ဒဏ် ၃ နှစ် ၆ လ အမိန့်ချမှတ်ပြီးတော့ ထောင်တွင်း တိုက်ပိတ် ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဧပြီ ၁၈ ရက် ပစ်ခတ်မှုဖြစ်စဉ်အတွင်း နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားတွေ သေဆုံးခဲ့ရမှုအတွင်း တာဝန်ရှိသူတွေအဖြစ် ထောင်ပိုင်ကြီး-ဦးကျော်မြင့်စိန် (က- ၃၅၀၀) နဲ့ ထောင်ပိုင်လေး ဦးကျော်မင်းဦး (က-၃၉၁၁)တို့ဟာ အမိန့်ပေးစေခိုင်းသူတွေထဲ ပါဝင်ခဲ့သူတွေ ဖြစ်တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်ထိ အဆိုပါ ထောင်တွင်းပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၃ ဦးကို တိုက်ပိတ် ပြစ်ဒဏ်တွေ ချမှတ်ထားပြီး မိသားစုဝင်တွေရဲ့ ပါဆယ်ပို့ဆောင်ခွင့်တွေကိုလည်း ပိတ်ပင်ခံထားရတယ်လို့ ဆိုပါတယ်။