အမေရိကန်ပြည်နယ် ၄ ခုမှာ လေဆင်နှာမောင်းလို မိုးကြိုးမုန်တိုင်းတွေကြောင့် မေ ၂၇ ရက် မွန်းလွဲပိုင်းအထိ အနည်းဆုံး လူ ၂၁ ဦး သေဆုံးပြီး အဆောက်အအုံ ရာနဲ့ချီ ပျက်စီးသွားကာ ရာသီဥတု ပိုပြင်းထန်လာနိုင်တယ်လို့ မိုးလေဝသ ခန့်မှန်းသူတွေက သတိပေးထားပါတယ်။
၃ ရက်ကြာ အောက်မေ့သတိရခြင်းနေ့ ဖက်ဒရယ်အားလပ်ရက်မှာ ပြည်နယ် အရေးပေါ်အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ အာကန်ဆပ်စ်ပြည်နယ်မှာ အနည်းဆုံး သေဆုံးသူ ၈ ဦး၊ တက္ကဆက်မှာ ၇ ဦး၊ ကင်န်တပ်ကီမှာ ၄ ဦးနဲ့ အိုကလာဟိုးမားမှာ ၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
ကင်န်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒီဘီရှီးယားဟာ တနင်္လာနေ့အစောပိုင်းမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ မုန်တိုင်းတွေဟာ ပြည်နယ်တခုလုံးနီးပါးကို ရိုက်ခတ်ခဲ့ကြောင်း ဘီရှီးယားက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
မုန်တိုင်းကြောင့် ပြည်နယ် အဝေးပြေးလမ်းတွေနဲ့ လမ်းမတွေ ၁၀၀ လောက် ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
အမျိုးသား မိုးလေဝသဌာနဟာ အတ္တလန္တာ ဧရိယာနဲ့ ဂျော်ဂျီယာပြည်နယ်ရဲ့ တခြား အစိတ်အပိုင်းတွေအတွက်နဲ့ တောင်ကယ်ရိုလိုင်းနားအနောက်ပိုင်း ခရိုင်အများအပြားအတွက် အနည်းဆုံး တနင်္လာနေ့မွန်းလွဲပိုင်းအထိ ပြင်းထန်တဲ့ မိုးကြိုးမုန်တိုင်း စောင့်ကြည့်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ဖက်ဒရယ် အရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီဟာ မြေပြင်မှာ ပျက်စီးဆုံးရှုံးမှု အကဲဖြတ်မှုတွေ ပြုလုပ်နေကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး လိုအပ်သလို ပံ့ပိုးပေးဖို့ ဗဟိုအေဂျင်စီတွေကို သမ္မတ ဘိုင်ဒင်က ညွှန်ကြားထားတယ်လို့လည်း ဆိုပါတယ်။
ရာသီဥတုကြောင့် တနင်္လာနေ့မှာ သိန်းနဲ့ချီတဲ့ အမေရိကန်နိုင်ငံသားတွေ လျှပ်စစ်မီး ပြတ်တောက်ခဲ့ရပြီး ကင်န်တပ်ကီပြည်နယ် တခုတည်းမှာပဲ သုံးစွဲသူ ၁၆၀,၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။
တချို့နေရာတွေမှာ ဓာတ်အားပြန်လည်ရရှိဖို့ ရက်အနည်းငယ် ကြာနိုင်ကြောင်း ကင်န်တပ်ကီပြည်နယ် အုပ်ချုပ်ရေးမှူး ဘီရှီးယားက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောကြားပါတယ်။
ဒါပေမဲ့ ဓာတ်အားပြန်ရကြောင်း သေချာအောင် ဝန်ထမ်းတွေက နာရီနဲ့ချီပြီး အလုပ်လုပ်နေတယ်လို့လည်း ဆိုပါတယ်။
အမေရိကန်အစိုးရဟာ လာမယ့်စနေနေ့မှာ စတင်မယ့် ထူးကဲဖြစ်နိုင်ခြေရှိတဲ့ ၂၀၂၄ အတ္တလန္တိတ် ဟာရီကိန်းရာသီလို့ မိုးလေဝသ ကြိုတင်ခန့်မှန်းသူတွေ ခေါ်ဆိုကြတဲ့ အခြေအနေအတွက် ပြင်ဆင်မှုတွေ လုပ်နေပါတယ်။
Source/Photo-Reuters