အီဂျစ်နိုင်ငံနဲ့ ဂါဇာကမ်းမြောင်ကြားရှိ ရာဖာနယ်စပ်ဖြတ်ကျော်ဂိတ်အနီး ပစ်ခတ်မှုအတွင်း အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အီဂျစ်စစ်တပ် ပြောရေးဆိုခွင့်ရှိသူက မေ ၂၇ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
“ရာဖာမြို့ နယ်စပ်ဒေသမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ဆောင်နေတဲ့ စုံစမ်းစစ်ဆေးမှုတွေကို အီဂျစ်စစ်တပ်က ဆောင်ရွက်နေပြီး အဲဒီပစ်ခတ်မှုအတွင်း ကာကွယ်ရေးဝန်ထမ်းတဦး ကျဆုံးကာ အာဇာနည်ဖြစ်သွားတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အစ္စရေးစစ်တပ်ကတော့ အစ္စရေးစစ်သားတွေနဲ့ အီဂျစ်စစ်သားတွေ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ သတင်းတွေကို စုံစမ်းစစ်ဆေးနေကြောင်း အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဟာ အခုလအစောပိုင်းမှာ ဂါဇာကမ်းမြောင်ဘက်ခြမ်းက ရာဖာနယ်စပ်ကို သိမ်းပိုက်ခဲ့ပြီး နယ်မြေအတွင်း ထိုးစစ်ဆင်မှုတွေ အရှိန်မြှင့်လာတာကြောင့် အီဂျစ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အီဂျစ်နဲ့ အစ္စရေးတို့ဟာ ၁၉၇၉ ခုနှစ်က ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး အစ္စရေး၊ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်နဲ့ ဂါဇာကမ်းမြောင်ကြား နယ်နိမိတ်တဝိုက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ ဟားမတ်စ်အဖွဲ့က နယ်မြေကို သိမ်းပိုက်လိုက်ပြီးနောက်မှာ အီဂျစ်နဲ့ အစ္စရေးတို့က ဂါဇာကမ်းမြောင်ဒေသကို ပိတ်ဆို့ထားမှုကို ပူးတွဲထိန်းသိမ်းခဲ့ပါတယ်။
၂ နိုင်ငံကြား လုံခြုံရေးဆိုင်ရာ ဖြစ်ရပ်တွေကတော့ ရှားပါးပါတယ်။ ဂါဇာစစ်ပွဲစတင်ပြီး သီတင်း ၂ ပတ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတုန်းက ဂါဇာနယ်စပ်အနီးမှာ အစ္စရေးရဲ့ တင့်ကားတွေထဲက တစီးဟာ ဂါဇာကမ်းမြောင်နဲ့နီးတဲ့ အီဂျစ်စခန်းတခုကို မတော်တဆ ထိမှန်ခဲ့ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး အီဂျစ်ဘက်ကလည်း သူ့နယ်ခြားစောင့်တပ်ဖွဲ့ဝင် အများအပြား အသေးစားဒဏ်ရာတွေသာ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ် ဇွန်လတုန်းက နယ်စပ်တိုက်ပွဲတခုအတွင်း အစ္စရေးစစ်သား ၃ ဦးနဲ့ အီဂျစ် လုံခြုံရေးအရာရှိတဦး သေဆုံးခဲ့ပါတယ်။
Source/Photo-REUTERS/Hatem Khaled