Home
မြန်မာသတင်း
ဖျာပုံထောင်တွင် ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက် ထောင်ဝင်စာ ပါဆယ်ပစ္စည်း ပေးခွင့်မရ
DVB
·
May 28, 2024
pyar 2852024

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အကျဉ်းထောင်မှာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားပြီးနောက် ထောင်ဝင်စာပါဆယ်ပစ္စည်း ပေးပို့ခွင့် ကန့်သတ်ပိတ်ပင်ခံထားရတယ်လို့ ဖျာပုံအကျဉ်းထောင်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၃၁ ရက်က အမှုရင်ဆိုင်နေရဆဲ အချုပ်သားတယောက်ကို ထောင်အာဏာပိုင်တွေက အင်အားသုံးရိုက်နှက်တဲ့ကိစ္စက စတင်ပြီး ဖျာပုံထောင်တွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အကျဉ်းထောင်တွင်း ဝင်ရောက်ကာ ပစ်ခတ်ဖြိုခွင်းခဲ့လို့ အကျဉ်းသား အယောက် ၅၀ ထက်မနည်း ဒဏ်ရာတွေရရှိခဲ့ပြီးနောက် အချိန် ၂ လနီးပါး ရှိလာတဲ့အထိ ထောင်ဝင်စာ ပါဆယ်ပစ္စည်း ပေးပို့ခွင့် ကန့်သတ်ပိတ်ပင်ခံထားရတာလို့ ဆိုပါတယ်။

ဖျာပုံအကျဉ်းထောင်နဲ့ နီးစပ်သူတယောက်က “ဟုတ်ပါတယ်၊ မတ် ၃၁ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီနေ့အထိ ထောင်ဝင်စာပါဆယ်ပစ္စည်းတွေ လက်မခံသေးတာ။ အဲဒီတုန်းက ထောင်အာဏာပိုင်တွေနဲ့ စစ်တပ်နဲ့ ရဲတွေက အင်အားသုံး ဖြိုခွင်းခဲ့တာ။ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား အယောက် ၅၀ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်” လို့ ပြောပါတယ်။

အဲဒီ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားတွေ အပြင်းအထန် ဒဏ်ရာရရှိသူ အယောက် ၂၀ ထက်မနည်း ရှိခဲ့တာနဲ့ ထပ်တိုးထောင်ဒဏ် ချမှတ်ခံရသူ ၁၈ ယောက်အထိ ရှိခဲ့တာကြောင့် အကျဉ်းသားမိသားစုတွေအနေနဲ့ ထောင်ဝင်စာတွေ့ခွင့်မရတဲ့အပေါ် စိုးရိမ်စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တယောက်က “အဲဒီဖြစ်စဉ် ဖြစ်ပြီးကတည်းက ၃ ခေါက်ရှိပြီ ပစ္စည်းသွားပို့တာ ပေးခွင့်မရဘူး။ မဖြစ်မနေ လိုအပ်တဲ့ဆေးဝါးတွေ သွားပို့တာ။ အမျိုးသားက ရင်ကြပ်ရောဂါရှိတယ်လေ။ ပစ္စည်းလေးတော့ လက်ခံပေးဖို့ပြောတာ ထောင်အာဏာပိုင်တွေဘက်က တုံ့ပြန်ချက် မရဘူး” လို့ ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုစည်သူ၊ ကိုအောင်အောင်ဦး၊ ကိုဗညားအောင်၊ ကိုဝေယံဦး၊ ကိုနန်းလင်းအောင်၊ ကိုဝေယံ၊ ကိုရှိုင်းညီညီ၊ ကိုမင်းသူ၊ ဦးစိုး၊ ကိုသုတဇံနဲ့ တခြားအကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၈ ယောက်ထက်မနည်းကို ဖျာပုံထောင်တွင်း တရားရုံးက ထောင်စည်းကမ်း ဥပဒေ - ၂၂၄ အရဆိုပြီး ထပ်တိုးပြစ်ဒဏ် ထောင် ၆ လစီ ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖျာပုံအကျဉ်းထောင်ထဲက ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ ပါဝင်တဲ့ အကျဉ်းသား ၁၁ ယောက်ကို ထောင်ပြောင်းမယ်လို့ဆိုကာ စစ်ကောင်စီတပ်က အကျဉ်းထောင်အပြင် ခေါ်ထုတ်သွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဆိုပါတယ်။

Photo - Myo Tu

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013