Home
မြန်မာသတင်း
နောင်ချို သရက်ကုန်းက စစ်ဘေးရှောင်များ စားနပ်ရိက္ခာပြတ်လပ်နေ
DVB
·
May 25, 2024
vit 2552024

မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်စပ်၊ နောင်ချိုမြို့နယ်၊ သရက်ကုန်း ကျေးရွာအုပ်စုအတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ၁ လကျော်ကြာ အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒေသခံပြည်သူအများစုဟာ အခုလက်ရှိ စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြပြီလို့ စစ်ရှောင်တွေက ဒီဗွီဘီကို ပြောပါတယ်။

ညောင်ကုန်ကျေးရွာမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တယောက်က “ပြေးလာတုန်းက ဘာမှမပါဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးလာကြတာများတယ်လေ။ ညောင်ကုန်းကျောင်းမှာ မိုးကာတဲလေးတွေ ထိုးနေကြတယ်။ တချို့က စာသင်ကျောင်းဆောင်တွေမှာ နေနေကြတယ်။ ပြေးလာတုန်းက ရွာကပါလာတဲ့ ပိုက်ဆံ လေးနဲ့ အိုးလေးခွက်လေးဝယ်ပြီး ကိုယ့်ဘာသာ ဝယ်ချက်စားနေကြတာလေ။ အခု စားဝတ်နေရေးတွေ အရမ်းအခက်အခဲဖြစ်နေတယ်။ ဆန်၊ ဆီတွေလိုအပ်နေတယ်။ ကျောင်းတွေက ဖွင့်တော့မှာဆိုတော့ နေဖို့လည်း ခက်ခဲတော့မယ်” ပြောပါတယ်။

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဧပြီ ၁၅ ရက်နေ့က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူယူကာ တန်ပြန် တိုက်ခိုက်နေတာကြောင့် လက်ရှိအချိန်ထိ ဒေသခံတွေဟာ ကျေးရွာတွေမှာ ပြန်လည်နေထိုင်လို့ မရကြသေးတာပါ။

ဒါ့အပြင် စစ်ဘေးရှောင်တွေကို လာရောက်ကူညီလှူထောက်ပံ့တဲ့ အလှူရှင်လည်း နည်းပါးနေတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တယောက်က“ရွာကိုတော့ ပြန်လို့က မရသေးဘူး။ စစ်တပ်က ရွာကို အဝင်မခံသေးဘူး။ ဒီမှာက လာလှူတဲ့သူတွေရှိတယ်။ အလှူရှင်တွေကလည်း နည်းတယ်။ ဒီတော့ လှူတာ အလျင်မမီဘူး ဖြစ်နေတယ်။ ဒါ့ကြောင့် စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြတာ” လို့ ပြောပါတယ်။

နောင်ချိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စုအတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မေ ၁၆ ရက်နေ့ ညမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ငါးပင်ရွာက ကလေးငယ် ၁ ယောက်သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

တချိန်တည်းမှာပဲ ပန်ဟတ်ရွာက နေအိမ်တလုံးကို လက်နက်ကြီးထိမှန်လို့ ပြည်သူ ၃ ယောက် သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် အရပ်သားပြည်သူ ၅,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာတိမ်းရှောင်နေကြရပြီး အများစု စားနပ်ရိက္ခာတွေ ပြတ်လပ်နေကြတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013