မွန်ပြည်နယ်ထဲက မြို့နယ်တွေမှာ နွေကာလအတွင်း အပူဒဏ်ကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ မွန်ပြည်နယ်မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
နွေကာလဖြစ်တဲ့ ဖေဖော်ဝါရီအကုန်ကနေ အခု မေလတတိယအပတ်အထိ အပူဒဏ်ကြောင့် လူ ၃၀ သေဆုံးခဲ့ပြီး သထုံမြို့နယ်မြို့မှာ ၂၅ ယောက်လောက် သေဆုံးခဲ့လို့ အများဆုံးဖြစ်ပြီး မော်လမြိုင်က ၃ ယောက်၊ ရေးမြို့နယ်က ၃ ယောက်၊ ဘီးလင်းမြို့နယ်က ၃ ယောက်နဲ့ ကျိုက်မရောမြို့နယ်က ၁ ယောက် တို့ သေဆုံးခဲ့ပါတယ်။
သထုံမြို့နယ်ကလူမှုကူညီရေးအသင်းဝင်တယောက်က “သေဆုံးတဲ့သူအများစုကတော့ လမ်းလျှောက်နေရင်း မူးဝေပြီးလဲကျ သေဆုံးတာများတယ်။ အဓိက ကတော့ အပူချိန်များပြီး ရေဓာတ်ခန်းခြောက်ကာ ပင်ပန်းနွမ်းနယ်ပြီး သေတာများတယ်။ မေလအစမှာတော့ အပူဆုံးဆိုတော့ အဖြစ်အများဆုံးလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
သထုံမြသပိတ်တောင်တက်လမ်းမှာ မေ ၄ ရက်နေ့က အသက် ၁၉ နှစ်အရွယ်လူငယ်တယောက် အပူချိန်မြင့်မားတဲ့အတွက် ရေငတ် သတိလစ် မေ့မြောရာကနေ အသက်သေဆုံးခဲ့ပါတယ်။
မေ ၇ ရက်နေ့မှာလည်း မောလမြိုင်၊ မုပွန်ရပ်ကွက်၊ အိုရုံလမ်းက နေအိမ်ရှေ့မှာ အမျိုးသားတယောက် လမ်းလျှောက်နေရင်း လဲကျသေဆုံးခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေက ပြောပါတယ်။
မိုးတွင်းကာလရောက်နေပြီဖြစ်ပေမယ့် ရာသီဥတုဖောက်ပြန်မှုတွေကြောင့် အပူချိန် မြင့်တက်တာတွေ ဖြစ်နိုင်တဲ့အတွက် အပြင်ထွက်တဲ့အခါ အကာအကွယ်ဆောင်းဖို့၊ ရေများများသောက်ဖို့နဲ့ လေဝင်လေထွက်ကောင်းတဲ့ နေရာတွေမှာ နေထိုင်ကြဖို့ ကျန်းမာရေးဝန်ထမ်းတွေက တိုက်တွန်းထားပါတယ်။