Home
မြန်မာသတင်း
မြောင်တွင် စစ်သားများ တိုက်ခိုက်ခံရ၊ သာပေါင်း ဒေသခံ ၆ ယောက် ဖမ်းဆီးခံရ
DVB
·
May 25, 2024
myaung 2552024

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ၂ ရက်ဆက် တိုက်ခိုက်ခံရပြီး ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာတော့ ရဲဝန်ထမ်းဟောင်း ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

မြောင်မြို့နယ်၊ လက်ယက်မကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မေ ၂၃ ရက်နေ့နဲ့​ ၂၄ ရက်နေ့တို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က စစ်သားတွေ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေါင်းစစ်သည် မြောင်ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

မကျီးစုကျေးရွာမှာ ညအိပ်တပ်စွဲပြီး လက်ယက်မဘက်က တော်လှန်ရေး တပ်စခန်းတခုဆီကို စစ်ကြောင်းထိုးလာခဲ့တဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တာလို့ ဒေါင်းစစ်သည်မြောင်ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူ ကိုရဲနောင်က ပြောပါတယ်။

“စစ်ကြောင်းက လက်ယက်မကျေးရွာကိုမဝင်ဘဲ လက်ယက်မကျေးရွာအနောက်ဘက် တောထဲမှာရှိနေတဲ့စခန်းကို သတင်းရပြီးထိုးတာ။ သူတို့က စခန်းကိုဝင်စီးချိန် စခန်းကရဲဘော်တွေက ရှေ့စစ်ကြောင်းကို စီးပစ်ချိန် ကျနော်တို့က နောက်ချန်စစ်ကြောင်းကို ဝင်ပစ်တာပါ။ နေ့လယ် ၂ နာရီ ကနေ ညနေ ၅ နာရီအထိကြာတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်း နှစ်ဖက်ညှပ်တိုက်ခိုက်ခံရတာကြောင့် နမခကနေ ရဟတ်ယာဉ်နဲ့ ပစ်ကူပေးခဲ့ပေမယ့် မြေပြင်မှာ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရမှုမှာ စစ်တပ်ဘက်က ဗိုလ် ၁ ယောက် ထိခိုက်သေဆုံးတယ်လို့သိထားရပြီး စစ်သား ၇ ယောက်သေဆုံး၊ အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရထားတယ်လို့ ကိုရဲနောင်က ပြောပါတယ်။

မြောင်မြို့နယ်၊ လက်ယက်မဘက်ကို ထိုးလာတဲ့စစ်ကြောင်းက မေ ၁၄ ရက်နေ့ ညနေပိုင်းမှာ တပ်ပြန်ဆုတ်ချိန် ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ပြီးတော့ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရစစ်သားနဲ့ သေဆုံးစစ်သား အလောင်းတွေပါသယ်ပြီး လက်ယက်မကျေးရွာအနောက်ဘက် တောကုန်းတိုက်၊ တူးမြောင်းကတဆင့် သူတို့အထိုင် ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာကို ပြန်ဝင်သွားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ တောင်ကလေးကျေးရွာက ရဲဝန်ထမ်းဟောင်း ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်လို့ စွပ်စွဲပြီး ဒေသခံ အရပ်သား ၆ ယောက်ကို မေ ၂၂ ရက်နဲ့ ၂၅ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးတာခံရတယ်လို့ သိရပါတယ်။

မေ ၁၉ ရက်က တောင်ကလေးကျေးရွာမှာနေထိုင်တဲ့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူ ရဲဝန်ထမ်းဟောင်း ဦးမြင့်သိန်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရလို့ ဆေးရုံ တင်ထားရတာပါ။

စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတာက ၆ ယောက်ပါ။ မင်းမင်းဆိုတဲ့ ကောင်လေး တယောက်ပါအဝင် ၆ ယောက်အဖမ်းခံရတာ။ အမျိုးသားတွေ ချည်းပဲ။ စစ်ဆေးဖို့ရှိလို့ ဆိုပြီးဖမ်းသွားတာ” လို့ ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ရဲဝန်ထမ်းဟောင်းဖြစ်သူ ဦးမြင့်သိန်းဟာ ဦးခေါင်းမှာ ပြင်းထန်တဲ့ သေနတ်ဒဏ်ရာရရှိခဲ့ပြီး သာပေါင်းမြို့ ပြည်သူ့ဆေးရုံကတဆင့် ရန်ကုန်ဆေးရုံကြီးဆီကို လွှဲပြောင်းကုသနေရတယ်လို့ ဒေသခံ တွေဆီကသိရပါတယ်။

ဒေသခံတယောက်က “ဦးမြင့်သိန်းက စစ်ကောင်စီတပ်အားကိုးနဲ့ ပြည်သူတွေအပေါ် အမျိုးမျိုးစော်ကားမိုက်ရိုင်းနေတဲ့ အကောင်လေ။ အခုတော့ ပစ်ခတ်ခံရလို့ အခြေအနေ မကောင်းဘူးလို့ သိရတယ်။ ဘာ တတ်နိုင်မလဲ၊ ကောင်းတာပေါ့။ ကလေးတွေကိုက စွပ်စွဲဖမ်းတာပါ။ ရဲစခန်းမှာထားတာ” လို့ ပြောပါတယ်။

အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်က တောင်ကလေးကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာလောက်ကို မေ ၂၂ ရက်ကနေ ၂၅ ရက်အထိ ညပိုင်းအချိန်တွေမှာ စစ်ဆေးတာတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013