စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သာစည်အကျဉ်းထောင်နဲ့ ရဲကင်းစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက မေ ၂၄ ရက်မှာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားနဲ့ ရဲ ၇ ယောက် သေဆုံးခဲ့တယ်လို့ Snipe Rangers Force(Local PDF) ဆီက သိရပါတယ်။
မနက် ၈ နာရီကျော်အချိန်ကနေ ည ၉ နာရီလောက်အထိ ပစ်ခတ်သံတွေ ကြားရတယ်လို့ သာစည်ရွာ ဒေသခံတယောက်က ပြောပါတယ်။
“ကျနော်တို့ရွာအနီး လက်နက်ကြီးအသံ၊ ဗုံးကွဲအသံတွေကတော့ ဆူညံနေတာပဲ။ တခါတလေ ရက်ဆက်ကြားရတယ်။ တခါတလေ ၃ ရက်တခါခြား ကြားရတယ်။ စစ်ကောင်စီစခန်းနဲ့ စစ်ကောင်စီအကျဉ်းထောင်အသစ်ကို ပြည်သူကာကွယ်ရေးတပ်က လာပစ်ကြတာ။ ရွာသူရွာသားတွေကတော့ လက်နက်အသံကြားရတိုင်း လုံခြုံရာကို ပုန်းရတာပေါ့။ ဒီခေတ်ဆိုးကြီး မြန်မြန်ပြီးစေချင်ပြီ” လို့ ပြောပါတယ်။
သာစည်ကျေးရွာ ရဲကင်းစခန်းနဲ့ သာစည်ထောင်အပေါက်က အစောင့်စစ်သားတွေကို ၆၀ မမ၊ ၁၂၀ မမ စုစုပေါင်း အလုံးရေ ၃၀ နဲ့ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာမြင့်ခဲ့ပြီး စစ်သား ၅ ယောက်နဲ့ ရဲ ၂ ယောက် နေရာမှာသေဆုံးခဲ့ပြီး ၁၀ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Snipe Rangers Force(Local PDF) ဆီက သိရပါတယ်။
Snipe Rangers Force(Local PDF) ရဲ့ တာဝန်ရှိသူက“သူတို့ဘက်က အင်အား ၅၀ လောက်ပဲ ရှိတာပါ။ လျှပ်တပြက်တွေ့လို့ လက်နက်ငယ်နဲ့ သူပစ် ကိုယ်ပစ်လောက်ပါပဲ။ လက်နက်ကြီးပစ်မှာကို သတင်းကြိုရပြီး သူတို့က ကင်းပုန်းချထားတာပေါ့နော်။ အဲဒီချိန်မှာ ကျနော်တို့ဘက်က ကင်းပုန်းဝပ်ဖို့အပြင် ထိတွေ့တာပါ၊ ထိခိုက် သေဆုံးမှုကိုတော့ ဖရဲသီးဆီကနေ တဆင့်ခံ ပြန်လည် စုံစမ်းခဲ့တာပါ” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Snipe Rangers Force (Local - PDF) နဲ့ ဒေါင်းပြောက် ကျားတပ် တို့ ပူး ပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒေါင်းပြောက် ကျားတပ်ရဲ့ ရဲဘော်တယောက်ကကလည်း “လက်နက်ကြီးနဲ့ စကစ စခန်းကို မပစ်ခင် ကင်းပုန်း စယူတာ အရင်လုပ်တယ်။ အဲလိုကင်းပုန်းယူရင်း စကစရဲ့ ကင်းပုန်းနဲ့ ထိပ်တိုက်တိုးပြီး လက်နက်ငယ်နဲ့ပစ်ခတ်ပြီး အရင်ဆုံး တိုက်ပွဲစဖြစ်တာ။ အဲလိုပစ်ကြရင်း ဒီဘက်က လက်နက်ကြီးတွေနဲ့ စကစရဲစခန်းရော၊ အကျဉ်းထောင်ရောကို အလုံးအရင်းနဲ့ကို ပစ်ခဲ့တယ်။ ကျနော်တို့ရဲ့ ရဲဘော်တဦး လက်နက်ကြီးပစ်ရင်း ပြောင်းကွဲပြီး ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်” လို့ ပြောပါတယ်။
သာစည်းရွာအနီးက အကျဉ်းထောင်သစ် ဆောက်လုပ်စဉ်ကာလကလည်း စစ်ကောင်စီ အင်ဂျင်နီယာ ၁ ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။