ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၂၄ ရက် မနက်ပိုင်းက ကျောက်စိမ်းလုပ်ကွက် ကျင်းပြိုကျတဲ့အတွက် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား ၂ ယောက် မြေစာပုံပိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ အောင်စုကျော်ကျေးရွာနားက လုပ်ကွက်မှာ တနိုင်တပိုင်ကျင်းတူးနေတုန်း မြေစာပုံပြိုကျပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “သူတို့ တနိုင်တပိုင်ကျင်းတူးနေတာ။ အဲ့ဒါ မြေစာပုံ ပြိုကျပြီး နှစ်ယောက်စလုံး သေတယ်။ မြေစာပုံက လူ့တရပ်စာလောက်ရှိတယ်။ အဲ့ဒီအောက်ကို ပိပြီးသေသွားတာ။ တယောက်ကိုတော့ သိတယ်။ နောက်တယောက်က ဘယ်သူဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။
မြေစာပုံပြိုကျခဲ့တဲ့အတွက် အသက် ၂၉ နှစ်အရွယ် မောင်သာထွန်းဆိုသူနဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတယောက်တို့ ပိမိသေဆုံးခဲ့တာပါ။
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့ကလည်း မှော်စီစာကျေးရွာမှာ မြေစာပုံအနီး ရေတွင်းတူးတုန်း မြေစာပုံပြိုကျခဲ့တဲ့အတွက် ရေတွင်းတူးသူ အမျိုးသားတယောက် သေဆုံးပြီး နောက်ထပ် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပုံ - CJ နှင့် ပုံဟောင်း