ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းရှိ တိုက်ခန်းတခန်းမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းထုတ်လွှင့်ပါတယ်။
ဟနွိုင်းမြို့အလယ်ပိုင်း ကောင်ဇိုက် ခရိုင်ရှိ ၅ ထပ်အဆောက်အအုံမှာ မေ ၂၄ ရက် မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
မီးလောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အဆောက်အအုံထဲမှ လူ ၇ ဦးကို မီးသတ်သမားတွေက ကယ်ဆယ်နိုင်ခဲ့ကြောင်း ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
လျှပ်စစ်စက်ဘီးတွေ ပြုပြင်ရောင်းချတဲ့ ဘလောက် နှစ်ခုကြားက ခြံဝင်းအတွင်း မီးစတင်လောင်ကျွမ်းတယ်လို့ ယူဆရကြောင်း အစိုးရပိုင် VnExpress က ထုတ်ပြန်ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး သေဆုံးသူတွေကို ဘယ်သူဘယ်ဝါဆိုတာ မဖော်ထုတ်နိုင်သေးပါဘူး။
မီးလောင်ကျွမ်းမှုဟာ ဗီယက်နမ်နိုင်ငံရဲ့ လူနေထူထပ်တဲ့ မြို့ပြစင်တာတွေမှာ အဖြစ်များပါတယ်။ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်း နေအိမ်မီးလောင်မှု ၁၇,၀၀၀ လောက်မှာ လူပေါင်း ၄၃၃ ဦး သေဆုံးခဲ့ပြီး အများစုမှာ မြို့ပြတွေမှာဖြစ်ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနမှ သိရပါတယ်။
Source/Photo - Reuters