Home
မြန်မာသတင်း
စလင်းမြို့နယ် ကုန်းခြားရွာကို စစ်တပ် မီးရှို့၊ နေအိမ် ၁၄၀ ကျော်ဆုံးရှုံး
DVB
·
May 24, 2024
army fire village_24052024

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ကုန်းခြားကျေးရွာကို မေ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်ပြီး အများပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၄၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စလင်းမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီတပ်လက်အောက်ခံ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ ကပစ ၂၁ မှာရှိတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကား ၅ စီးအပြည့်နဲ့ ပုသိမ်-မုံရွာလမ်းပေါ်ကတဆင့် ကုန်းခြားကျေးရွာကို ဝင်ရောက်လာခဲ့ကာ အကြောင်းမဲ့ ဆက်တိုက်ဆိုသလို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက “မြေပြင်က ကား ၅ စီးနဲ့ အင်အားအလုံးအရင်း ထိုးလာတာပါ။ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ပြီး ဒရုန်းနဲ့ပါ ဗုံးကြဲနေပါတယ်။ လက်နက်ကြီးထိမှန်ပြီး အနီးနားကျေးရွာက အဘွားအိုတဦးလည်း ထိခိုက်ဒဏ်ရာ ရသွားပါတယ်၊ မစိုးရိမ်ရပါဘူးဗျ” လို့ DVB ကို ပြောပါတယ်။

ကုန်းခြားကျေးရွာမှာရှိတဲ့ နေအိမ်ပေါင်း ၁၄၀ ကျော် မီးလောင်ပျက်စီးသွားပြီး လယ်ယာလုပ်ငန်းသုံး အိမ်မွေးတိရစ္ဆာန်တွေ၊ စက်ပစ္စည်းတွေ အများပြား ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် ကုန်းခြားကျေးရွာ အနီးပတ်ဝန်းကျင်က ကျေးရွာတရွာမှာ  ပြည်သူ့နေအိမ်တလုံးအပေါ် ဒရုန်းနဲ့ မီးလောင်ဗုံး ကြဲချသွားတဲ့အတွက် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024