ကြွေးကျန်ကင်းရှင်းတဲ့ တောင်သူတွေကို ၂၀၂၄ မိုးရာသီစိုက်စရိတ်ချေးငွေတွေ စတင်ထုတ်ချေးပေးနေကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က မေ ၂၃ ရက်မှာ အသိပေး ကြေညာပါတယ်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေနဲ့ စိုက်ပျိုးရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေတွေကို နှစ်စဉ် ထုတ်ချေးပေးနေတာဖြစ်ပြီး အခု မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကိုလည်း မေ ၂၀ ရက်ကစပြီး တနှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းနဲ့ သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်ဘဏ်ခွဲတွေက တဆင့် ပုံမှန်နှစ်တွေအတိုင်း ထုတ်ချေးပေးသွားမယ်လို့ ကြေညာထားတာပါ။
တောင်သူတွေအနေနဲ့ အရင်ကယူထားတဲ့ ချေးငွေကို အရင်း၊ အတိုး ကြေလည်အောင် ဆပ်ပြီးမှသာ ချေးငွေအသစ် ထုတ်ချေးခွင့် ရရှိမှာဖြစ်ပြီး အဲဒီဘဏ်ကထုတ်ချေးတဲ့ တခြား နှစ်တို၊ နှစ်လတ် ချေးငွေတွေကိုတော့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီရင် ထုတ်ချေးခွင့် ရရှိမယ်လို့ အဆိုပါဘဏ်က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ တောင်သူတွေအနေနဲ့ စိုက်ပျိုးစရိတ်နဲ့ အထွေထွေစရိတ်တွေ ကြီးမြင့်ပြီး သီးနှံ စျေးကောင်းမရတာ၊ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ဖြစ်လာတဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ ပိုတိုးလာတဲ့ အခွန်အခတွေ၊ လယ်ယာလုပ်သား ရှားပါးပြီး လုပ်သားခ စျေးကြီးမြင့်လာတာတွေ စတဲ့အချက်တွေကြောင့် သီးနှံစိုက်ပျိုးမှုတွေအပေါ် လျှော့ချ လုပ်ဆောင်လာကြပါတယ်။
ဧရာဝတီတိုင်းမှ စပါးစိုက်တောင်သူတဦးက “နိုင်ငံရေးမငြိမ်မှတော့ ဈေးကွက်ကပျက်၊ စိုက်စရိတ်နဲ့ အခွန်အခက များ၊ သီးနှံက ဈေးမရ ဆိုတော့ စိုက်လည်း ရှုံးဖို့က များတယ်။ အပေါ်မှာ စျေးဘယ်လောက်ကောင်းကောင်း နောက်ဆုံး တောင်သူဆီရောက်ရင် ဟိုနှုတ် ဒီနှုတ်နဲ့ ဈေးက မရတော့ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ တချို့ဒေသတွေမှာလည်း စိုက်ပျိုးသီးနှံ လာရောက်ဝယ်ယူသူ မရှိသလောက်ဖြစ်ပြီး တောင်သူတွေ အခက်တွေ့နေကြရတယ်လို့ သိရပါတယ်။