ရန်ကုန်တိုင်းအတွင်းက ရပ်ကွက်တချို့မှာ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေ ထွက်ပြေးတိမ်းရှောင်မှာစိုးလို့ဆိုပြီး ထောက်ခံစာ လုပ်မပေးဘူးလို့ ကိုယ်တိုင်ကြုံရသူတွေဆီက သိရပါတယ်။
လက်ရှိ ရပ်ကွက်တွေမှာ စစ်မှုထမ်းဖို့ အသက်အကျုံးဝင်သူတွေစာရင်းကို ကောက်ယူပြုစုထားပြီး အဲဒီထဲကမှ ရပ်ကွက်မှာနေထိုင်ကြောင်း ထောက်ခံစာ၊ ခရီးသွားထောက်ခံစာ လုပ်မယ့်သူတွေကို ငြင်းလွတ်တာတွေ ရှိနေတာလို့ ဆိုပါတယ်။
မှော်ဘီမြို့နယ်၊ ဘွဲ့ပွေးကုန်းရပ်ကွက်မှာ နေထိုင်သူတဦးက “စစ်မှုထမ်းအသက်မီသူတွေကို ထွက်ပြေးမှာစိုးလို့ ထောက်ခံစာလုပ်မပေးဘူးလို့ ရာအိမ်မှူးက အစည်းအဝေးမှာ ပြောတာ။ တခြားနေရာ ပြောင်းရွှေ့နေမယ်ဆိုရင်လည်း ဒီလူတွေရဲ့စာရင်းကို အကုန်ဖြန့်ထားတယ်ဆိုပြီး ခြိမ်းခြောက်တယ်” လို့ ပြောပါတယ်။
လက်ရှိ ရန်ကုန်မှာ နေရာတခုကနေတခုကို ပြောင်းရွှေ့နေထိုင်မယ်ဆိုရင် အရင်နေခဲ့တဲ့ ရပ်ကွက်ရဲ့ ထောက်ခံစာကို ပြနိုင်မှသာ နေရာအသစ်ရှိ ရပ်ကွက်ရုံးက ဧည့်စာရင်း လက်ခံပေးတာကြောင့် အကြောင်းကိစ္စကြောင့် သွားလာစရာရှိသူတွေ အခက်တွေ့နေရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ဆိုပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မှာ နေထိုင်သူတဦးက “ဒီဘက်မှာလည်း လူငယ်တွေကို ထောက်ခံစာ ထုတ်ပေးတာကို တော်တော်ကျပ်နေတယ် ပြောတယ်။ အလုပ်လုပ်ဖို့ ထောက်ခံစာကလွဲရင် ကျန်တာ သိပ်မလုပ်ပေးဘူး။ အသိတယောက်ဆို ခရီးသွားဖို့ရှိတာ မှတ်ပုံတင်ပျောက်နေလို့ ခရီးသွားထောက်ခံစာ သွားလုပ်တာ မရခဲ့ဘူးပြောတယ်” လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ စစ်မှုထမ်း အကျုံးဝင်သူတွေကို စာရင်းဆက်လက်ကောက်ယူနေသလို တိမ်းရှောင်တာတွေလုပ်ရင် မိသားစုကို အရေးယူမယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေက ဖိအားပေးတာတွေ ရှိနေတယ်လို့လည်း သူတို့ကဆိုပါတယ်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ဒုတိယအပတ်မှာ စတင်အသက်သွင်းလိုက်ပြီး လူစုဆောင်းတာ စစ်မှုထမ်းသင်တန်း ဖွင့်လှစ်တာတွေကို ခပ်စိတ်စိတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အဲဒီလို ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးမှုအပေါ် ပြည်တွင်း၊ ပြည်ပ ဝေဖန်ကန့်ကွက်မှုတွေလည်း မြင့်တက်နေပါတယ်။